သံတွဲမြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းသားလေးအား ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် သေဆုံးလျက်ပြန်တွေ့ခဲ့ကြောင်း ဒွါရာမြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိရသည်။
ရေနစ်သေဆုံးခဲ့သည့် ကျောင်းသား မောင်ကျော်ထက်ဦးမှာ ၎င်း၏ သူငယ်ချင်းနှစ်ဦးနှင့်အတူ သံတွဲချောင်းတွင် ရေကူးနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းသားအား သံတွဲမြို့နယ် မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ဒေသခံရေငုတ်သမားများက လိုက်လံရှာဖွေရာ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒွါရာမြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမြင့်မိုးက ပြောသည်။
“ရေနစ်တဲ့နောက်ပိုင်း ၂ ရက်လုံး လိုက်ရှာကြတယ်။ ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ သရော်တောချောင်း အနောက်ဘက်မှာ တွေ့တယ်” ဟု ကိုမြင့်မိုးက ပြောသည်။
ရေနစ်သေဆုံးခဲ့သည့် ကျောင်းသားမှာ သံတွဲမြို့ အ.ထ.က (၂) ကျောင်းမှ အဋ္ဌမတန်းကျောင်းသားဖြစ်ပြီး လက်ရှိတွင် သံတွဲဆေးရုံမှ ရင်ခွဲရုံတွင်စစ်ဆေးနေကာ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သြင်္ဂီုဟ်သွားမည် ဖြစ်ကြောင်း သိရသည်။







