တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းကို KIO ဗဟိုကော်မတီ အစည်းဝေးတွင် ပြန်သုံးသပ်မည်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းကို KIO ဗဟိုကော်မတီ အစည်းဝေးတွင် ပြန်သုံးသပ်မည်
by -
မဇ္ဈိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း သဘောတူညီချက်များအပေါ် သုံးသပ်မည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း ကျင်းပမည် ဖြစ်ကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

ဗဟိုကော်မတီဝင် အစည်းအဝေးတွင် အဓိကအားဖြင့် KIO ၏ တပ်ပိုင်းဆိုင်ရာ လုပ်ငန်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) အပေါ် ပြန်လည်သုံးသပ်၍ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ KIO ရဲ့လုပ်ငန်း တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ NCA ကိစ္စလည်း အခန်းကဏ္ဍ တစ်ခုပါမယ်။ NCA မူကြမ်းအပေါ်မှာ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ NCCT အဖွဲ့ဝင်တွေကနေ သူတို့ရဲ့ NCA မူကြမ်းအပေါ်မှာ သုံးသပ်ချက်တွေ၊ ဆွေးနွေးချက်တွေ ပါလာမယ်။

အဲဒီအပေါ်မှာ ကျွန်တာ်တို့ KIO ဗဟိုကော်မတီကလည်း လိုအပ်တဲ့ ဖြည့်စွက်သဘောထားတွေ စုစည်းပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ ကျင်းပမယ့်ညီလာခံမှာ KIO ရဲ့ သဘောထားကို တင်ပြဖို့ ရှိတယ်”ဟု ဦးလနန်က မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ NCA ပါ အချက်များ သဘောတူ လက်မှတ်ရေးထိုးခဲ့မှုအပေါ် ပြန်လည်သုံးသပ်ရန် စီစဉ်ခြင်း ဖြစ်သည်။

KIO ထိန်းချုပ်နယ်မြေအတွင်းရှိ KIO တာဝန်ရှိသူများ အားလုံးပါဝင်ဆွေးနွေးရန် ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များအား စောင့်ဆိုင်းနေရသည်ဟု ၎င်းက ပြောသည်။

KIA တပ်မဟာ ၂ ဒေသအတွင်းရှိ KIO ဗဟိုကော်မတီဝင်များကိုလည်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကိုယ်စားလှယ်များက သွားရောက်ကြိုဆို၍ လိုင်ဇာမြို့သို့ ပြန်လည်ပို့ဆောင်နေသည်ဟု PCG အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက မေလ ၁၂ ရက်က ပြောသည်။

KIO ဗဟိုကော်မတီဝင်များမှ NCA အပေါ် ပြင်ဆင်ဖြည့်စွက်သော သဘောထားများကို မကြာမီ ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ညီလာခံသို့ အဆိုပြု တင်သွင်းမည် ဖြစ်ကြောင်း ဦးလနန်က ပြောသည်။

လာမည့် မေလ ၂၀ ရက်ကျော်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ ပြုလုပ်မည့် NCCT ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် လော်ခီးလာတွင် ကျင်းပရန် ညှိနှိုင်းနေသည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ မန်စီမြို့နယ်အတွင်း တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည့် သတင်းမရရှိသေးသော်လည်း အစိုးရစစ်ကြောင်းများ တိုးမြှင့်လာသဖြင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်မည်ဟု ဦးလနန်က ပြောသည်။

မန်စီမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၆ ရက်မှ ၁၂ ရက်ထိ ခုနှစ်ရက်မြောက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အစိုးရ တပ်ရင်း ၉ ရင်းထိ ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။ သို့သော် ယနေ့တိုက်ပွဲ အခြေအနေကိုမူ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...