ရက္ခိုင့်တပ်မတော်(AA)က ပလက်ဝမြို့နယ်အတွင်း လှုပ်ရှားစဉ် ကျေးရွာရှိ ပြည်သူများအား ပလက်ဝမြို့နယ်သည် ရခိုင်ပိုင်နက် နယ်မြေဖြစ်ကြောင်း၊ တော်လှန်ရေးအောင်မြင် ပြီးဆုံးပါက ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်တွင် ပေါင်းထည့်မည်ဖြစ်ကြောင်း ဟောပြောရှင်းလင်းခဲ့သည်ဟု ခူးမီး(ခမီး)အမျိုးသားပါတီ၏ ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ချက်ကို ရက္ခိုင့်တပ်မတော်(AA)က ပယ်ချလိုက်သည်။
ရက္ခိုင့်တပ်မတော်အနေဖြင့် ထုတ်ပြန်ချက်မှာပါသကဲ့သို့ ပြောဆိုမှုမရှိသည့်အပြင် မိမိတို့တပ်ဖွဲ့ကိုလည်း ယင်းကဲ့သို့ ပြောကြားရန် ညွှန်ကြားထားခြင်းမရှိဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG ကိုပြောသည်။
“ကျွန်တော်တို့ဘက်က သူတို့စွပ်စွဲသလို တစ်စုံတစ်ရာ ပြောဆိုတာမရှိ။ ကျွန်တော်တို့ တပ်ဖွဲ့တွေကိုလည်း အဲဒီလိုပြောဖို့ ညွှန်ကြားထားတာ မရှိဘူး။ အဲဒါတွေက ကိုယ်လိုရာဆွဲပြီး ပြောနေတဲ့သဘောမျိုးပါ” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ဆန်၊ ကြက်၊ ဝက်တန်ဖိုးကို တော်လှန်ရေးပြီးဆုံးသောအခါ ပေးချေမည်ဟု ကျေးရွာသားများအား ပြောခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိမှုကိုလည်း ယင်းကဲ့သို့ ပြောဆိုမှု မရှိဟု AA က တုန့်ပြန်သည်။
“ကျွန်တော်တို့ဘက်က ဘာပဲဝယ်ဝယ် ဥပမာ ဆန်တစ်အိပ်ဝယ်ရင်လည်း တန်ရာတန်ကြေးပေးပြီးဝယ်တယ်။ ရဲဘော်တွေကလည်း တစ်စုံတစ်ခု အဓမ္မဝယ်တာမျိုး၊ ပိုက်ဆံမပေးပဲ ယူတာမျိုး လုံးဝမရှိပါ ” ဟု ၎င်းကဆိုသည်။
ပလက်ဝမြို့နယ်သည် ရခိုင်တောင်တန်းဒေသ(သို့မဟုတ်) ရခိုင်မြောက်ပိုင်းခရိုင်အမည်ဖြင့် အင်္ဂလိပ်လက်ထက်ကပင် သတ်မှတ်ခဲ့သည်။ သီးခြားကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်နယ်နိမိတ်၊ သီးခြားကိုယ်ပိုင်ဘာသာစကား ယဉ်ကျေးမှုရှိသော တောင်တန်းဒေသအပိုင်း(၁)၊ နယ်မြေ ၁၀ ခုတွင် ပါဝင်သော လွတ်လပ်သည့်နယ်မြေဖြစ်သည်။ ရခိုင်တောင်တန်းဒေသဥပဒေ ၊ ရခိုင်တောင်တန်း တရားစီရင်ရေးဥပဒေတို့ဖြင့် အုပ်ချုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ၊ ပြည်မတွင် ပါဝင်သော ရခိုင်တိုင်းလက်အောက် မဟုတ်ကြောင်း၊ ချင်းတောင်တန်းဒေသ၏ လက်အောက်လည်း မဟုတ်ကြောင်း၊ ၁၉၄၇ ခု ပင်လုံညီလာခံအပြီး တောင်တန်းဒေသစုံစမ်းရေးကော်မတီက ကြားနာမေးမြန်းစဉ် ရခိုင်တောင်တန်းဒေသ ကိုယ်စားလှယ်များက မြန်မာနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေး ရယူလိုကြောင်း၊ ချင်းတောင်တန်းဒေသနှင့် ပူးပေါင်း၍ ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်နေလိုကြောင်း ထွက်ဆိုခဲ့သည်။ ထို့ကြောင့် ၁၉၄၇ ခု အခြေခံဥပဒေအရ ချင်းဝိဒေသတိုင်း၊ ချင်းပြည်နယ်တွင် ပါဝင်ခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။
ရက္ခိုင့်တပ်မတော်အနေဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ရခိုင်တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ လှုပ်ရှားမှုတွင် ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ပိုင်နက်ထဲ ထည့်သွင်းရန် AA ၏ နယ်မြေချဲ့ထွင်ရေးဝါဒကို လုံးဝကန့်ကွက်ရှုံချသည်ဟု ခူးမီးပါတီက သဘောထား ထုတ်ပြန်ထားသည်။
ခူးမီး(ခမီး)အမျိုးသားပါတီသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လက တည်ထောင်ခဲ့သည့်ပါတီဖြစ်ပြီး ခူမီးတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ပလက်ဝဒေသရှိ တိုင်းရင်းသား လူမျိုးစုငယ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေရေး မူဝါဒတို့ကို စွဲကိုင်ထားသည့်ပါတီဖြစ်သည်။







