မောင်တောမြို့နယ်မှ ကျေးရွာ ၁၇ ရွာအား လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံ ဂျိုက်ကာ ODA ချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် မောင်တောမြို့ လျှပ်စစ်ဓါတ်အားစတင်ဖြန့်ဖြူခြင်းနှင့် ဓါတ်အားခွဲစက်ရုံဖွင့်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဆိုပါ ကျေးရွာများလျှပ်စစ်ဓါတ်အားဖြန့်ဖြူးမည့်ကိစ္စအား ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းကျေးရွာ ၁၇ ရွာအား လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာတွင် ဓါတ်အားခွဲစက်ရုံ တည်ဆောက်လျက်ရှိပြီး လုပ်ငန်းပြီးစီးပါက အိမ်ထောင်စု ၂၈၂၇ စု၊ လူဦးရေ ၂၂၀၀၀ ကျော်အတွက် လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့ ဓါတ်အားခွဲစက်ရုံသည် ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဆက်သွယ်သည့် လျှပ်စစ် ဓာတ်အားလိုင်းဖြစ်ပြီး မောင်တောမြို့ပေါ် ၅ ရပ်ကွက်မှ အိမ်ထောင်စု ၅၁၉ စုအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ၂၄ နာရီ လျှပ်စစ် ဓါတ်အားဖြန့်ဖြူပေးခဲ့သည်။







