ရခိုင်စာသင်ကြားရန် လူပေါင်း ၈၀၀၀ ကျော်လျှောက်

ရခိုင်စာသင်ကြားရန် လူပေါင်း ၈၀၀၀ ကျော်လျှောက်

ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် ရခိုင်စာသင်ကြားရန်အတွက် နေ့စားလပေးဆရာ၊ဆရာမ လျှောက်သူ ၈၇၅၁ ဦးရှိသည်ဟု ရခိုင်ပြည်နယ် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးဘသိန်းက DMG ကိုပြောသည်။

ရခိုင်စာသင်ရန်အတွက် အနိမ့်ဆုံးပညာအရည်အချင်း (၉) တန်းအောင်များနှင့်အထက်ကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ လျှောက်လွှာခေါ်ယူခဲ့သည်။ယင်းသို့ လျှောက်လွှာခေါ်ယူခဲ့ရာတွင် (၉) တန်းအောင်များအပြင် တက္ကသိုလ်ဝင်တန်းအောင်၊ဘွဲ့ရ၊မဟာဘွဲ့ရများလည်း ပါဝင်လျှောက်ခဲ့ကြသည်ဟု ဦးဘသိန်းက ဆိုသည်။

“ရခိုင်တစ်ပြည်နယ်လုံးက လျှောက်ကြတာ။ဘွဲ့ရတွေ လျှောက်တာများတယ်။ဘယ်နှစ်ယောက် ခန့်မှာလဲ ဆိုတာတော့ မသိသေးဘူး ”ဟု ၎င်းကပြောသည်။

တိုင်းရင်းသားဘာသာစာပေသင်ကြားမည့် ဆရာ၊ဆရာမအဖြစ် လျှောက်ထားရာတွင် အနိမ့်ဆုံး ပညာအရည်အချင်း(၉)တန်းအောင်ရမည်ဖြစ်ကာ ပညာအရည်အချင်း ပိုမိုမြင့်မားသူကို ဦးစားပေးရွေးချယ်မည်။ မြန်မာ ဘာသာစကားနှင့်ပြဌာန်းထားသည့် သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊အဖတ်၊ အပြော သင်ကြားနိုင်သူဖြစ်ပြီး မူလတန်းအောက်ဆင့် KG ၊ပထမတန်း၊ဒုတိယတန်း၊ကျောင်းသင်ခန်းစာ ပြဌာန်း ချက်များကို သင်ကြားနိုင်သူဖြစ်ရမည်ဟု တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ကြေငြာခဲ့သည်။

ရွေးချယ်ခံရပါက ခန့်ထားသော ဒေသကျောင်းတွင် အနည်းဆုံး (၃) နှစ်ဆက်တိုက် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ဒေသခံများကို ခန့်အပ်ခြင်းဖြစ်သည့်အတွက် နေရာပြောင်းရွှေ့ လျှောက်ထားမှုကို လက်ခံမည်  မဟုတ်ဟု ကြေငြာချက်တွင် ပါဝင်သည်။

စာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေကိုသင်ယူလိုသူ မူလတန်းကျောင်းသား၊ကျောင်းသူ (၁၀) ဦးမှ (၁၀၀) ဦးအထိရှိပါက ဆရာ၊ဆရာမ (၁)ဦးနှုန်း၊(၁၀၁)ဦးမှ (၂၀၀)ထိရှိပါက ဆရာ၊ဆရာမ (၂) ဦးနှုန်းဖြင့် ခန့်ထားပေးမည်ဖြစ်ကာ သင်ကြားမည့် တိုင်းရင်းသားဘာသာအရေအတွက်အရ လိုအပ်ပါက ခန့်ထားပေးမည် ဟုလည်း အဆိုပါ ဝန်ကြီးဌာနက ကြေငြာထားသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်အတွင်းတွင် တိုင်းရင်းသားဘာစာပေသင်ကြားရန် ဆရာ၊ဆရာမများ ခေါ်ယူခဲ့ သည်။သို့သော် ချင်းတိုင်းရင်းသားများသာ လျှောက်ခွင့်ရခဲ့ပြီး ရခိုင်များမှာမူ လျှောက်ထားခွင့်မရရှိခဲ့ပေ။ ယခုနှစ် အတွင်းတွင် စည်းကမ်းချက်တစ်ချို့ကို ပယ်ဖျက်လိုက်သောကြောင့် ရခိုင်များမှာ ပထမဆုံးအကြိမ်အဖြစ် လျှောက်ထားခွင့်ရကြသည်ဟု ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဦးကျော်ဝင်းက DMG ကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရခိုင်တိုင်းရင်းသာဘာစာပေနှင့်ချင်းတိုင်းရင်းသာဘာစာပေသင်ကြားခွင့်ကို ပြီးခဲ့သည့် နှစ်အနည်းငယ်က စတင်ပြီး တရားဝင်ခွင့်ပြုထားသည်။ပြီးခဲ့သည့်နှစ်က ချင်းတိုင်းရင်းသားများ တွင် စာသင်ချိန်အတွင်း မိမိစာပေကို သင်ကြားခွင့်ရရှိခဲ့ပြီး ရခိုင်များမှာ ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားခွင့် ရရှိခဲ့သည်ဟု ဦးဦးကျော်ဝင်းက ဆက်လက်ပြောသည်။

မိမိတို့၏ စကား၊စာပေ၊အနုပညာ၊ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာသာသနာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်ဟု တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် ပြဌာန်းချက်အရ ရခိုင်စာသင်ကြားမည့် အစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းဟု ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...