မောင်တောမြို့ကညင်တန်းရပ်ကွက်ရှိ ဟိန္ဒူဒုက္ခသည်များကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အိန္ဒိယကောင်စစ်ဝန် Mr. Rajesh Kumar က စောင်များလှူဒါန်းခဲ့သည်။
ဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိသည့် ဟိန္ဒူမိသားစု ၂၉၃ စုအတွက် စောင်အထည်ပေါင်း ၂၉၃ ထည်လှူဒါန်းခဲ့ကြောင်း စခန်းတာဝန်ခံဦးမောင်လှကပြောသည်။
“ကျွန်တော်တို့ဒုက္ခသည်စခန်းကို အိန္ဒိယကောင်စစ်ဝန်လာရောက်တာ ဒါပထမဆုံး အကြိမ်ပါ။ မိသားစုတစ်စုကို စောင်တစ်ထည်စီလှူဒါန်းပေးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ ဟိန္ဒူဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ် စဉ်ကြောင့် မောင်တောမြို့နယ် တောင်ပိုင်း၊မြောက်ပိုင်းကျေးရွာများမှ ထွက်ပြေးလာကြသူများဖြစ်သည်။
သူတို့ သည် အကြမ်းဖက်မှုဖြစ်ပွားစဉ်တွင် စစ်တွေမြို့သို့ ထွက်ပြေးလာခဲ့ပြီး ၂၀၁၇ ခု၊ဒီဇင်ဘာလ ၃ ရက်နေ့တွင် ယခု လက်ရှိနေထိုင်သည့် စခန်းသို့ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။
လက်ရှိတွင် အိမ်ထောင်စု ၂၉၃ စု၊အမျိုးသား ၆၀၂ ဦးနှင့်အမျိုးသမီး ၆၂၃ ဦး နေထိုင်လျက်ရှိကြသည်။







