ကလေးမြို့နယ်အတွင်း ၂၀၁၈ မှ (၄) လစာ မီးရှို့ရန်ကျန်ရှိနေသေးသည့် ဆေးဝါးများ၊ စားသုံးကုန်များနှင့် အလှကုန်များကို FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) မှ ယနေ့မနက်ပိုင်း ကလေးမြို့အနောက်မြောက်ဘက်၊ ဆည်ကြီးချောင်းအနား အမှိုက်ပစ်သည့်နေရာတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ကလေးခရိုင် FDA မှ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်တို့ကို အန္တရယ်ကင်းကင်းရှင်းရှင်းနှင့် အရည်အသွေးပြည့်မှီသည့် ပစ္စည်းတွေသုံးနိုင်အောင်ရည်ရွယ်ပြီး ယခုလို စားသုံးသူတွေအတွက် အရည်အသွေးမပြည့်မှီသည့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးရခြင်းဖြစ်ကြောင်း FDA မှ ဆေးဝါးကျွမ်းကျင် ကြီးကြပ်ရေးမှူး ဒေါ်ငြိမ်းငြိမ်းအိကပြောသည်။
“ဒီပစ္စည်းတွေကတော့ သက်တမ်းလွန်တဲ့ဆေးဝါးတွေ၊ သုံးစွဲရန်မသင့်တဲ့ အစားအသောက်တွေနဲ့ သုံးစွဲရန်မသင့်တဲ့ အလှကုန်ပစ္စည်းတွေဖြစ်တယ်၊ ၂၀၁၈ ခုနှစ်ကတည်းက မီးရှို့ဖျက်စီးဖို့ကျန်နေတဲ့ဟာ လာပြီးမီးရှို့တာဖြစ်ပါတယ်၊ တန်ဖိုးအနေနဲ့ကတော့ (၁၂) သိန်းကျော်ရှိတယ်၊ ပူးပေါင်းအဖွဲ့နဲ့လုပ်တာဖြစ်ပါတယ်” လို့ FDA မှ ဆေးဝါးကျွမ်းကျင် ကြီးကြပ်ရေးမှူး ဒေါ်ငြိမ်းငြိမ်းအိကပြောသည်။
ထိုကြောင့် FDA မှ ပြည်သူလူထုအတွက် သုံးစွဲရန်မသင့်တော်သည့် ထုတ်ကုန်ပစ္စည်းများရှိ/မရှိ ဆိုင်များအားလေ့လာစစ်ဆေးပြီး သိမ်းဆည်းမည့် ပစ္စည်းများအပေါ်မူတည်ကာ ဝန်ခံကတိထိုးခိုင်းသည့် အဆင့်များရှိသည်။
သုံးစွဲရန်မသင့်တော်သည့်ထုတ်ကုန်ပစ္စည်း ပမာဏအလွန်များလျှင် ဆိုင်ပိတ်သိမ်းကော်မတီကိုတင်ပြပြီး ဆိုင်ပိတ်သိမ်းအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းကဆက်ပြောသည်။
FDA မှ စားသောက်ကုန်နှင့်ဆေးဝါး၊ အလှကုန်ဆိုင်များအား လေ့လာစစ်ဆေးသည့်အခါ ဥပဒေနှင့်မညီညွတ်ပါက အရေးယူဆောင်ရွက်ခြင်းများကို ယနေ့အချိန်ထိ စနစ်တကျလုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။







