ရခိုင်တိုက်ပွဲများကြောင့် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ထိခိုက်မည်မဟုတ်ဟု ဆို

ရခိုင်တိုက်ပွဲများကြောင့် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ထိခိုက်မည်မဟုတ်ဟု ဆို

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ထိခိုက်မှု ရှိစေမည်မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းပေါ့ မြောက်ပိုင်းမှာမှ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တော်ဘက်မှာဖြစ်နေတဲ့ ဖြစ်စဉ်ပေါ့။ ဘူးသီးတောင်၊ မောင်တောမှာလည်း လက်ရှိ လတ်တလော အခြေအနေရတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်ဝင်စားမှု သိပ်မများသေးပါဘူး။ အခုလုပ်မှာက ရခိုင်ပြည်နယ်မြောက်ပိုင်းက (၂) မြို့နယ်မှအပ ကျန်တဲ့မြို့နယ်တွေမှာ ကျွန်တော်တို့ အခြေအနေတွေ အားလုံး ငြိမ်းချမ်းတည်ငြိမ်နေတာဖြစ်တဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုပြပွဲအပေါ်မှာ သိပ်ပြီး ထိခိုက်မှု မရှိနိုင်ဘူးလို့ ကျွန်တော်တို့မြင်ပါတယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုပြပွဲ Rakhine State Investment Fair 2019 ကို ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ရခိုင်တောင်ပိုင်းဒေသဖြစ်သော ငပလီမြို့တွင် ကျင်းပသွားရန် ရှိနေသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံသည့် လုပ်ငန်းများအပြင် စက်မှုဇုန်များလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် ဦးစားပေး လုပ်ဆောင်နေသည့် ရခိုင်ပြည်နယ်တွင် ဒေသတွင်းရှိ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်လည်း ဖော်ဆောင်သွားဖို့ ကုန်သည်စက်မှုအသင်းချုပ်က စီစဉ်လျက်ရှိနေသည်။

အထူးသဖြင့် ရခိုင်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရန် ကုန်ထုတ်လုပ်မှုကဏ္ဍ စိုက်ပျိုးရေးကဏ္ဍ၊ ပုစွန်မွေးမြူရေး စသော လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် စိတ်ဝင်စားမှုများကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကစတင်ကာ ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

"ဒီဖြစ်စဉ်တွေကြောင့် ရခိုင်ပြည်နယ်အပေါ်မှာ စီးပွားရေးနဲ့ပတ်သတ်တဲ့ စိတ်ဝင်စားမှုကတော့ သိပ်ပြီးထိခိုက်မှုမရှိပါဘူး။ ကျွန်တော်တို့ တွေ့ဆုံတဲ့ လုပ်ငန်းရှင်တွေကို မေးမြန်းတဲ့အခါမှာလည်း သူတို့ ပါဝင်တက်ရောက်မယ်ဆိုတာ သိရပါတယ်။ ဒီအပေါ်မှာ ထိခိုက်တဲ့ သက်ရောက်မှုတွေတော့ မရှိပါဘူး။ ဆက်ပြီးတော့ အောင်မြင်အောင် လုပ်သွားပါမယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ဂျပန်လုပ်ငန်းရှင်အများစု တက်ရောက်ရန်ရှိပြီး တရုတ်၊ အိန္ဒိယနှင့် အာဆီယံ ဒေသတွင်း နိုင်ငံများလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...