မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လည် ၂ နာရီ အချိန်က လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းကျေးရွာသားများထံမှ သိရသည်။
“မနက်ပိုင်းက လက်နက်ငယ်သံတွေကြားတယ်။ ရွာအနီးကို လက်နက်ကြီးတစ်လုံး ကျလာတယ်။ ဘယ်သူ ပစ်တာလဲ မသိပါ။ ရွာအစွန်က နေအိမ်တစ်လုံး မီးလောင်သွားပါတယ်။ ကလေးတစ်ဦးနဲ့ လူကြီးတစ်ဦး ဒဏ်ရာရပါတယ်” ဟု ၎င်းကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
ထိုသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရရှိသူများ၏ အမည်ကို မသိရသေးဘဲ လူနာများကို မောင်တောဆေးရုံသို့ ပို့ဆောင်ရန်လာနေကြကြောင်း မောင်တောအခြေစိုက် DMG သတင်းထောက်က ပြောသည်။
ရန်အောင်မြင်ကျေးရွာမှ ကျေးရွာသားများမှာ ရွာရှိဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ခိုလှုံနေကြကြောင်း သိရသည်။







