ရခိုင်ဒေသခံလေးဦးတို့ကို ရက္ခိုင့်တပ်မတော်(AA)နှင့် ပတ်သက် ဆက်နွှယ်နေသည်ဟုဆိုကာ အရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)က သတင်းထုတ်ပြန်သည်။
အဆိုပါလေးဦးမှာ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်၊ ဦးမောင်ကျော်ဝင်း နှင့် ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာမှ ဦးစိန်ဦးနှင့် ဦးစိန်သာကျော်တို့ဖြစ်သည်။
သရက်ပြင်ကျေးရွာမှ ဒေသခံနှစ်ဦးသည် ရက္ခိုင့်တပ်မတော်(AA)အတွက် ဆက်ကြေး ကောက်ခံပေးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့် သတင်းပေးပို့ခြင်းများ ဆောင်ရွက်နေသည်ဟု စစ်ဆေးမေးမြန်း ဖော်ထုတ်သိရှိရသဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေခြင်းဟု တပ်မတော်က ထုတ်ပြန်ထားသည်။
အလားတူ ကြိမ်သာကျေးရွာမှ ဒေသခံနှစ်ဦးမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား ရက္ခိုင့်တပ်မတော်(AA)ထံသို့ စောင့်ကြည့် သတင်းပေးလျက်ရှိကြောင်း၊ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဆမ်ဆောင်းအမျိုးအစား တယ်လီဖုန်း နှစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ ဆက်လက် လွှဲပြောင်းသွားမည်ဟု ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က သရက်ပြင်ကျေးရွာအတွင်း၌ ရက္ခိုင့်တပ်မတော်(AA)က ဒေသခံများအသွင်ဖြင့် ဝင်ရောက်ပုံဖျက် လှုပ်ရှားလျက်ရှိကြောင်း သတင်းအရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်စစ်ကြောင်းများ လုံခြုံရေးလိုက်ပါလျက် သွားရောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ၌ မသင်္ကာဖွယ်ရာ ၁၅ ဦးကို တွေ့ရှိခဲ့သဖြင့် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဖြင့် ဥပဒေနှင့်အညီ ခေါ်ဆောင်၍ အသေးစိတ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ မသင်္ကာဖွယ်ရာ ၁၅ ဦးအနက် ၁၃ ဦးမှာ AA နှင့် ပတ်သက်ဆက်နွှယ်မှု မရှိကြောင်း စိစစ်သိရှိရသဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
ကျန်ရှိလိုက်သည့် သရက်ပြင်ဒေသခံံနှစ်ဦးအား ဇန်နဝါရီလ ၁၅ ရက်နေ့က မတရားအသင်းဥပဒေပုဒ်မ ၁၇(၁)(၂)ဖြင့် တရားစွဲဆိုနိုင်ရန် ဘူးသီးတောင်မြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့သည်။
ရခိုင်ဒေသခံံများအနေဖြင့် ရက္ခိုင့်တပ်မတော်(AA)ကို ထောက်ခံမှုရပ်တန်းက ရပ်ကြရန် သတိပေးခဲ့ပြီး အနာဂတ်မှာ ရခိုင်ပြည်နယ်ကို မည်သည့်ပုံစံ မြင်ချင်သလဲဟု မေးခွန်းထုတ်ခဲ့ကာ AA ကို ထောက်ခံသည့်အတွက် ကောင်းကျိုး၊ ဆိုးကျိုးများကို သုံးသပ်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။







