တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၆ ထောင်ခန့်အထိရှိလာ

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၆ ထောင်ခန့်အထိရှိလာ

ရက္ခိုင့်အဖွဲ့ AA နှင့် တပ်မတော်တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ပြီး ထွက်ပြေး တိမ်းရှောင် နေရသည့် စစ်ဘေးရှောင် ၆ ထောင်ခန့်ရှိလာပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၄၆၀၀ သာရှိရာမှ ဇန်နဝါရီ ၁၄ ရက်နေ့တွင် လူဦးရေ ၆ ထောင်နီးပါးဖြစ်လာခြင်းလည်းဖြစ်သည်။

“ အခုနောက်ဆုံးရရှိထားတဲ့စာရင်းတွေအရဆိုရင် ၆ ထောင်နားကိုကပ်နေပြီပေါ့နော်။ ၆ ထောင်သာသာ လောက်ရှိနေပြီပေါ့။ အဓိကများနေတာက ပုဏ္ဏားကျွန်းရယ်၊ ကျောက်တော်ရယ်၊ ရသေ့တောင်တွေမှာ များပါတယ်” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးမှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေးအတွက် စိုးရိမ်စရာမရှိသော်လည်း ကျန်နီးစပ်ရာ ရွာများသို့ ရောက်နေသည့် သူတချို့အတွက် စားဝတ်နေရေးအခက်တွေ့နေကြောင်း  ကိုဇော်ဇော်ထွန်းကဆိုသည်။

အဆိုပါ စစ်ရှောင်စခန်းများတွင် သောက်သုံးရေလိုအပ်ချက်များ ရှိနေပြီး စစ်ဘေးရှောင်အများစုသည် တောင်ပေါ်မှ ဆင်းလာကြသောကြောင့် မြေပြန့်တွင်အသားမကျဘဲ နေထိုင်မကောင်းဖြစ်သူများလည်း ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ သိရသည်။

“ တချို့စခန်းတွေမှာတော့ ငှက်ဖျားဖြစ်တဲ့သူတွေလည်းရှိနေကြပါတယ်။ စာရင်းကတော့ အပြောင်း အလဲရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြားရတဲ့ စာရင်းတွေအရတော့ ငှက်ဖျားဖြစ်တဲ့သူ အယောက် ၁၀ ကျော်လောက်က ငှက်ဖျားဖြစ်နေကြတယ်” ဟု ကိုဇေ်ာဇော်ထွန်း ကဆိုသည်။

 စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသူများ၏ ကျန်းမာရေးပြဿနာများအတွက် သက်ဆိုင်ရာကျန်းမာရေး ဦးစီးဌာနက လုပ်ဆောင်ပေးနေပြီး လူ၊ ကယ်၊ ပြန် ဌာနမှလည်းလိုအပ်သည့် ဆန်၊ ဆီ၊ ဆား ရိက္ခာများအပြင် အဝတ်အထည်နှင့် စောင်များကိုလည်းထောက်ပံ့ပေးနေသည်ဟု  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းကဆိုသည်။

 လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ထိရှိနေပြီး အချို့ စစ်ဘေး ရှောင်များသည် နီးစပ်ရာရွာများရှိ ဆွေမျိုးများ၏ နေအိမ်များ၊  ဘုန်းကြီးကျောင်းများတွင် လက်ရှိအချိန်အထိ ခိုလှုံနေရဆဲဖြစ်သည်ဟုလည်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးမှသိရသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...