သျှမ်းပြည်နယ် အတွင်း ဆုံဆို့နာကူးစက်မှုကြောင့် ကလေးငယ်သေဆုံးမှုများရှိ

သျှမ်းပြည်နယ် အတွင်း ဆုံဆို့နာကူးစက်မှုကြောင့် ကလေးငယ်သေဆုံးမှုများရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် လတ်တလော ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး ကူးစက်ပျံ့ပွါးမှုရှိခဲ့ရာ အသက် ၁၅ နှစ်အောက်ကလေးများ သေဆုံးမှုများရှိနေသည် ဟု သတင်းရရှိသည်။

ဆုံဆို့နာ ဖြစ်သွားသည့် ဒေသများမှာ သျှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း အစပ်ဖြစ်သည့် ကျေးရွာများ တွင်နေထိုင်ကြသည့် လူထုများဖြစ်ကြောင်း၊ ဆုံဆို့နာ ကြောင့် ကလေး သေဆုံးမှုများဖြစ်ပွားကြောင်း သီပေါမြို့ နယ် ဆေးရုံ အုပ် ကြီး ဒေါက်တာနန္ဒဝင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အောက်တိုဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ဆုံဆို့နာရောဂါသည် ကူးစက်ခံရ လူနာ ၁၁ ဦး အနက် ဘက်တီးရီးယားပိုး တွေ့ရှိသူ ၅ ဦးရှိပြီး အသက် ၁၅ နှစ်အောက် ကလေး ၂ ဦးသေဆုံးခဲ့ကြောင်း ဒေါက်တာ နန္ဒဝင်းက ပြောသည်။

လက်ရှိတွင် သီပေါမြို့ ပေါ်တွင် ဆုံဆို့နာကူးစက်ပျံ့ပွါးမှု မရှိသေး သော်လည်း သီပေါမြို့ နှင့်နီးစပ်သည့် နမ္မတူ နှင့် မိုင်းကိုင် မြို့နယ်များတွင် တွေ့ရှိကာ သီပေါဆေးရုံသို့ ရောက်ရှိလာကြောင်းလည်း သိရသည်။

“ ကျနော်တို့ နဲ့ နီးစပ်တဲ့ မြို့တွေကနေပြီးတော့ ဆုံဆိုနာ သံသယ နဲ့သီပေါ ဆေးရုံကိုလာပြပါတယ်။ ဒီတလ ထဲမှာ နမ္မတူ ကတယောက်နဲ့ မိုင်းကိုင် တယောက်လာပြတယ်။ မိုင်းကိုင် ကတယောက်ကို ကျနော်တို့ မန္တလေး ဆေးရုံလွှဲပြောင်းတဲ့အချိန်မှာ လမ်းခရီးမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ လည်ပင်း အဖြေက မရပေမယ့် သူ ဆုံဆို့နာ ဖြစ်ဖို့များပါတယ်” ဟု ဒေါက်တာ နန္ဒဝင်း ကဆိုသည်။

လက်ရှိတွင် ဆုံဆို့နာ ဖြစ်ပွားမှု သံသယ ရှိသည့် ဒေသများတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်နေကြောင်း၊ သျှမ်းတောင် နှင့် နယ်မြေဆက်စပ်သည့် နမ့်လန်မြို့နယ် တဝိုက်ကိုလည်း ရောဂါ ကာကွယ် နှိမ်နင်းရန် ယနေ့ မှ စတင် ကွင်းဆင်းနေကြောင်း သိရသည်။

“ ဆုံဆို့နာ က ဘတ်တီးရီးယား တမျိုးပါ။ အသက်ရှူလမ်းကြောင်းကနေ တဆင့် ကူးပြီး အသက် အန္တရာယ်ရှိနိုင်ပါတယ်။ အသက်အရွွယ် မရွေးဖြစ်နိုင်တယ်။ ဒါပေမယ့် ၁၅ နှစ်အောက် ကလေးတွေဖြစ်ရင် အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးနည်းကတော့ ကာကွယ်ဆေးထိုးတဲ့နည်းပါ” ဟု သီပေါမြို့ နယ် ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်း က ပြောပြသည်။

ဆုံဆို့နာ ရောဂါ လက္ခဏာများမှာ လည်ချောင်း ထဲတွင် ပိုးများ ပွားလာပြီး အစွမ်းထက်သည့် အဆိပ်အတောက်များထွက်ကာ လည်ချောင်း နာခြင်း၊ စားချင်သောက်ချင် စိတ်မရှိခြင်း နှင့် အဖျားအနည်းငယ်ရှိပြီး အစာမြို ရန် ခက်ခဲခြင်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆုံဆို့နာ ရောဂါ ကာကွယ်ဆေးကို မေးခိုင်ရောဂါကာကွယ်ဆေး၊ ကြက်ညှာချောင်းဆိုး ရောဂါ ကာကွယ်ဆေး၊ အသည်းရောင် အသာဝါ ဘီပိုးကာကွယ်ဆေးနှင့် Haemophilus influenzae type B ကာကွယ်ဆေးများနှင့် ပေါင်းစပ်ပြီး ကလေး အသက် နှစ်လ၊ လေးလ ၊ခြောက်လများတွင် ကာကွယ်ဆေးထိုး စီမံချက် အနေဖြင့် အခမဲ့ ထိုးပေးကြောင်း ၊ ဆုံဆို့နာရောဂါ ကူးစက်မှုရှိသောဒေသများတွင်နေထိုင်သည့် လူကြီးခလေးအရွယ်မရွေး နီးစပ်ရာ ဆေးပေးခန်းသို့သွားကာ ကြိုတင်ကာကွယ်မှုများ ရယူသင့်ကြောင်း ကျန်းမာရေးဝန်ထမ်းများတိုက်တွန်းချက်အရသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...