ရွာငံတွင် စစ်ကော်မရှင်က စလော့ဂိမ်း ရှောင်တခင် စစ်ဆေးဖမ်းဆီးနေ

ရွာငံတွင် စစ်ကော်မရှင်က စလော့ဂိမ်း ရှောင်တခင် စစ်ဆေးဖမ်းဆီးနေ

သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံများ၏ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅နှစ်ဝန်းကျင်မှစပြီး အသက် ၆၀ကျော်အထိ ဂိမ်းကစားနေကြပြီး အဆိုပါဂိမ်းကြောင့် ကျေးရွာများ အတွင်း ခိုးဆိုးလုယက်ခြင်း၊ ပိုင်ဆိုင်မှုများကို ပေါင်နှံရောင်းချမှုများ ပိုမိုများလာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ်မှစပြီး ရွာငံမြို့နယ်ရှိ ကျေးရွာလမ်းမများ၊ စစ်ကော်မရှင်တပ်ဂိတ်နှင့် ရွာငံ-မန္တလေးလမ်းမတလျောက်တွင် စစ်ကော်မရှင်တပ်သားများက ရှောင်တခင်‌စစ်ဆေးမှုများ ပြုလုပ်၍ ဖုန်းအတွင်းစလော့ဂိမ်းများတွေ့ရှိလျှင် ဖုန်းသိမ်းခြင်း၊ဒဏ်ငွေဆောင်ခိုင်းခြင်းများ ပြုနေကြောင်း ရွာငံဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

"လမ်းမှာ စစ်သားတွေက ရှောင်တခင်စောင့်စစ်နေတာ ၊အခုဆိုပိုဆိုး စလော့ဂိမ်းကြောင့် ဘဝပျက်နေတဲ့သူတွေ အများကြီးပဲဆိုတော့ ပိုစစ်တာ၊သူတို့စစ်တဲ့အချိန်ဂိမ်းတွေ့ရင် ကျပ် ၅သောင်းကနေ ကျပ်တစ်သိန်းအထိဒဏ်ငွေဆောင်ခိုင်းတယ်၊မဆောင်ရင် ဖုန်းသိမ်းတယ်။"ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စလော့ဂိမ်းကြောင့် ရွာငံမြို့နယ်အတွင်း မြေကွက်များကို ဈေးပေါပေါဖြင့် တရုတ်လူမျိုးများနှင့် အညာဒေသဖက်ပြည်သူများထံ ရောင်းချနေကြကြောင်း သိရသည်။

"ကျွဲဂိမ်း စလော့ဂိတ်တွေ ဆော့ရင်းနဲ့ ရွာထဲမှာဆို အကြွေးတင်နေတဲ့သူနဲ့ သူများအိမ်က ပစ္စည်းသွားခိုးလို့ အရိုက်ခံရတဲ့သူနဲ့ မလွယ်နေဘူး၊အရင်က ကားတွေခြံတွေ ပိုင်တဲ့သူတောင် စလော့ဂိမ်းကြောင့် အခုဆို စီးပွားပျက်ကုန်တာ၊ရွာထဲက မြေကွက်တွေဆို တရုတ်တွေကများများလာဝယ်တယ်၊အညာဖက်က လူတွေလည်း ဈေးပေါပေါနဲ့ လာဝယ်ထားကြတယ်။"ဟု ရွာငံမြို့နယ် အတွင်းနေထိုင်သူ အမျိူးသီးတစ်ဦးက ပြောသည်။

အဆိုပါ စလော့ဂိမ်းများကို ကစားတက်သူများက မကစားတတ်သူကို သင်ပြပေးခြင်း၊‌လူမှုကွန်ယက်စာမျက်နှာများ တွင် ပေါ်ပေါ်ထင်ထင် ကြေငြာပေးခြင်းတို့ကြောင့် စလော့ဂိမ်းသုံးစွဲသူ ပိုများပြားလာကြောင်း ၎င်းအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

ယနေ့မျက်မှောက်ခေတ်တွင် အွန်လိုင်းပေါ်တွင် ဂိမ်းပေါင်းငါးရာကျော် ကြော်ငြာများကို ထည့်သွင်းကြော်ငြာနေကြပြီး ဒေသခံများအားလုံး စလော့ဂိမ်းဆော့ကစားရန် အလွယ်တကူလက်လှမ်းမှီနေကြသည်။၊

ထို့ကြောင့် စလော့ဂိမ်းများကို အချိန်အတော်ကြာမသူံးစွဲသင့်ဘဲ မိသားစု၏စီးပွားရေးကို ထိန်းသိမ်းစောင့်ရှောက် ပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ၂၃ရက်တွင်လည်း ပင်းတယမြို့နယ် မြင်းမူးကျေးရွာတွင် အလယ်တန်းပြကျောင်းဆရာမ တစ်ဦးက စလော့ဂိမ်းရှုံး၍ ငွေလိုအပ်နေသောကြောင့် မြင်းမူးကျေးရွာရှိ အမျိုးသမီးနှစ်ဦးထံမှ ပစ္စည်းလုယက်ကာ ဓားဖြင့် ထိုးသတ်ခဲ့၍ သေဆုံးသွားကြောင်း သိရသည်။

Most read this week

July 24, 2026
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်က ဒရုန်းအပြင်...
July 24, 2026
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း...
July 22, 2026
ရွှေ၊ သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် “ဝ” တပ်...
July 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အုတ်တွင်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့်...