လက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲကြောင့် စစ်ရှောင် ၁၆၀၀ ကျော်ရှိ

လက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲကြောင့် စစ်ရှောင် ၁၆၀၀ ကျော်ရှိ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း လက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲများဆက် တိုက်ဖြစ်ပွားမှုကြောင့် စစ်ရှောင် ၁၆၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲမှာ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သော သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် သျှမ်းပြည် တိုးတက်ရေး ပါတီ ( SSPP/SSA) ဖြစ်ပြီး တိုက်ပွဲမှာ ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် နားမခေါ် ဘုန်းကြီးကျောင်းသို့ လာရောက်ခိုလှုံနေသည့် အသက် ၄၀ ကျော် အမျိုးသား က “ တိုက်ပွဲက ၂၄ရက်ကတည်း ကဖြစ်တယ်။ တိုက်ပွဲတွေက မငြိမ်သေးဘူး။ နေရပ်မပြန်နိုင်သေးဘူး။ ” ဟု ဆိုသည်။

သျှမ်းလက်နက်ကိုင် အချင်းချင်း တိုက်ပွဲမဖြစ်စေချင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့်လည်း ဒေသခံ ပြည်သူများ တထောင်ကျော် ထွက်ပြေးကာ လယ်ယာမြေ မလုပ်ကိုင်နိုင်ကြကြောင်း၊ ပြည်သူများကို ငဲ့ညာသည့်အနေဖြင့် တိုက်ပွဲများ အမြန်ရပ်တန့်စေချင်သည် ဟုလည်း စစ်ရှောင်များက ပြောသည်။

စစ်ရှောင် ၁၆၀၀ ကျော်သည် သီပေါမြို့နယ် နားမခေါ် ဘုန်းကြီးကျောင်း၊ နားဆန်းတွင် ၂၈၀ ကျော်၊ ပန်စမ် ဘုန်ကြီးကျောင်း ၊ ဆောင်ကြဲဘုန်းကြီးကျောင်း ကျေခန်ဘုန်းကြီးကျောင်းသို့ လာရောက်တိမ်းရှောင်နေကြောင်း နယ်စည်းမခြား ပရဟိတ( သီပေါ) မှ ကိုမျိုး က ပြောသည်။

“ တိုက်ပွဲတွေ ရက်ရှည်မယ်ဆိုရင်တော့ စားဝတ်နေရေး ခက်ခဲမယ်။ အခုတော့ ကျနော်တို့ပရဟိတ အဖွဲ့တွေ လူမှု ကူညီရေး အသင်းတွေ ကလာလှူပါတယ်။ တိုက်ပွဲကြောင့် ထိခိုက် ဒဏ်ရာ ရသူ မရှိဘူး။ ” ဟု ကိုမျိုးက ဆိုသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူများ လယ်ယာ ကောင်းမွန်စွာ မလုပ်ကိုင်နိုင်တော့ဘဲ စားဝတ်နေရေး အတွက် အခက်အခဲကြုံနေရကြောင်း၊ ထို့ကြောင့် တိုက်ပွဲများအမြန်ရပ်တန့်ရန်လိုအပ်သည် ဟုလည်း ကိုမျိုးက ပြောသည်။

ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ် နေ့တွင်တွင် သျှမ်းလက်နက်ကိုင် ၂ဖွဲ့ သည် သီပေါမြို့နယ် ဟိုနားကျေးရွာ နှင့် တုံကျိုင်းရွာ တွင် တိုက်ပွဲဖြစ်ပွားကာ ဒေသခံများ ကတုတ်ကျင်းတွင် ပုန်းခဲ့ရကြောင်း သိရသည်။

တပ်မတော် အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ၂၀၁၉ ဧပြီ ၃၀ ရက်အထိ ရပ်ဆိုင်းထားမည် ဟု ဒီဇင်ဘာ ၂၁ရက် နေ့ ရက်စွဲဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်း တဖွဲ့နှင့် တဖွဲ့ အပြန်အလှန် အင်အားသုံးကာ တိုက်ခိုက်ခြင်း၊ ဒေသခံ တိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းများမပြုလုပ်ရန် တာဝန်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုသို့ မထိန်းသိမ်းဘဲ ပြုုလပ်ပါက တပ်မတော် အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက် သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...