မတူပီခရိုင်ရုံးတည်ဆောက်မည့် မြေနေရာနှင့်ပတ်သက်၍ ကန့်ကွက်နေပါက တည်ဆောက်မှုပိုင်းတွင် နှောင့်နှေးကြံ့ကြာနိုင်ပြီး ဘတ်ဂျက်များလည်း ပြန်အပ်ရမည့်အခြေအနေ ဖြစ်လာနိုင်သည်ဟု ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
“အခု ဘတ်ဂျက်က အများကြီးကျလာတယ် အခုမှနေရာမရွေးဘူးဆိုရင် ဒီဘက်ဂျက်က ပြန်အပ်ရမယ် ဆိုတော့ တည်ဆောက်ရေးကလည်း အရမ်းနှောင့်နှေးကြံ့ကြာကုန်မှာ ခရိုင်ရုံးတည်ဆောက်မည့်မြေနေရာကို ကန့်ကွက်မယ်ဆိုရင် ကျွန်တော်တို့ တည်ဆောက်ဖို့ဘတ်ဂျက်က ပြန်အပ်ရပါမယ် ပြန်အပ်လိုက်ရင် ဘယ်သူကနစ်နာမလဲ’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် မတူပီခရိုင်ရုံးကို မတူပီမြို့မှ ၇ မိုင်ခန့်အကွာ မတူပီ-ဟားခါးလမ်းမဘေးတွင် တည်ဆောက်ရန် လျာထားသော်လည်း မတူပီမြို့ မြို့မိမြို့ဖ နှင့် ဒေသခံပြည်သူများက မြို့တွင်း သို့ တည်ဆောက်ရန် လိုလားနေကြပြီး ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ချင်းပြည်နယ်အစိုးရကို ဆန္ဒပြရန် စီစဉ်နေကြခြင်းဖြစ်သည်။
ခရိုင်ရုံးကို မတူပီမြို့အတွင်း တည်ဆောက်ပေးရန် အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ်သော်လည်း ပြည်နယ်အစိုးရမှ ဂရုမစိုက်ဘဲ မြို့အပြင်ဘက်သို့ထားရှိရန် စီစဉ်ဆောင်ရွက်နေသည့်အတွက် ဆန္ဒပြရန် စီစဉ်နေကြခြင်းဖြစ်သည် ဟု မတူပီမြို့ မြို့မိမြို့ဖ အတွင်းရေးမှူး ဦး တိတ်မင်းကပြောသည်။
“ရုံးဆိုတာ မြို့တွင်းမှာဆောက်ဖို့ပဲ သူက တောထဲမှာဆောက်မယ်ဆိုလို့၊ ကျွန်တော်တို့ကတော့ မြို့တွင်းမှာပဲ ခရိုင်ရုံးတည်ဆောက်ချင်တာ အဲဒီတော့ မြို့တွင်းမှာ ခရိုင်ရုံးကို ခရိုင်ထွေအုပ်ရုံးနှင့် မြို့နယ်ထွေအုပ်ရုံးကိုပေါင်းပြီးတော့မှ နှစ်ထပ်သုံးထပ်တည်ဆောက်ချင်တယ်၊ ကျွန်တော်တို့က အရင်တုန်းက ထပ်ထပ်ခါခါ ပြည်နယ်အစိုးရကိုတင်ပြထားတယ်၊ အဲဒါကို ပြည်နယ်အစိုးရကလုံး၀ ဂရုမစိုက်ဘူး၊ လူနှစ်ယောက်သုံးယောက်လောက်ကတင်ပြထားတာကို အလေးထားပြီးတော့မှ ဖနိုင်မှာထားချင်တာ အဲဒါကို ကျွန်တော်တို့က လုံးဝမကျေနပ်ဘူး ပြီးတော့ အဲဒီသတ်မှတ်ခြင်းအားဖြင့် ကျွန်တော်တို့မြို့နယ်အတွင်းမှာ စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်”ဟု ဦးတိတ်မင်းကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ကြီး ဦးစိုးထက်ကတော့ ယခုလျာထားသည့်မြေနေရာသည် တတ်သိပညာရှင်များမှ ကွင်းဆင်းလေ့လာမှုအပေါ် အခြေခံပြီး ရွေးချယ်ရခြင်းဖြစ်ကြောင့် ထို့ပြင် မတူပီမြို့တွင်းသို့ ခရိုင်တည်ဆောက် ရန် မြေနေရာမရှိကြောင်း ပြောဆိုပါသည်။
“ခရိုင်ရဲ့တည်ဆောက်ပုံက မြို့နယ်ထက်အများကြီးကြီးတယ်လေ နောက်ပြီး ခရိုင်က ရုံးပေါင်း အခု (၂၀) လောက်ရှိမှာ ဆောက်ရမယ် ဝန်ထမ်းအိမ်ယာတွေဆောက်ရမယ် မြို့ပြစီမံကိန်းအရ အများကြီးလုပ်ရမှာ လက်ရှိမတူပီမြို့တွင်းမှာ ဘယ်နေရာမှာမှ ဆောက်လို့အဆင်မပြေဘူး ရေရှည်ကိုကြည့်ရမယ်လေ ကိုယ့်ဆန္ဒတစ်ခုကိုဘဲ ကြည့်လို့မရဘူး’’ ဟု ဝန်ကြီးကပြောသည်။







