မကြာခင်ပြန်လည်ကျင်းပတော့မည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေသတွင်းဖွံ့ဖြိုးရေးနှင့် ဒေသတွင်း လိုအပ်ချက်များကို အဆိုပြုတင်သွင်းနိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံးဆွေးနွေးပွဲကို ပြုလုပ်ရခြင်းရခြင်းဖြစ် သည်ဟု ဒေါ်ရှားမီးက ပြောသည်။
“ လွှတ်တော်စတာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတယ်၊ ဒီကြားထဲမှာ လွှတ်တော် ၃ ကြိမ်နားပြီးပြီ၊ ၃ ကြိမ်နားပေမယ့်လို့ ကြားထဲမှာ ရွာတွေကိုဆင်းရတာနဲ့ ခုလို မြို့မိမြို့ဖ၊ သတင်းမီဒီယာ၊ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဖို့အချိန်က မရှိသလောက် ဖြစ်ခဲ့တာ လေးငါးခြောက်လလောက်ရှိခဲ့ပြီ၊ ဒီတခေါက်လည်း ကျမရက်ပေါင်း ၂၀ လောက်ပဲနေရမှာ တိုးတောင်းလွန်းတဲ့ အချိန်မှာ မြို့မိမြို့ဖ နဲ့ CSO တွေ ကျမတို့အားကိုးရတဲ့ ရိုသေလေးစားရတဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့ ကျမကိုဘာအကြံညဏ်ပေး စရာရှိလဲ၊ အချင်းချင်းဆွေးနွေးပြီးတော့မှ မြို့ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို မဆွေးနွေးရဘဲနဲ့ လွှတ်တော်တခါပြန်တက် ရလို့ရှိရင် အချိန်ကတဖြည်းဖြည်းနဲ့ကြန့်ကြာပြီးတော့မှ စည်းလုံးညီညွတ်မှုအရရောနဲ့ မြို့အတွက်ရော တိုးတက်ရာတိုးတက် ကြောင်းနှောင့်နှေးသွားလိမ့်မယ်ဆိုပြီးခုလိုစီစဉ်ရတာဖြစ်ပါတယ်” ဟု သူကပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်လာသော အထက်ချင်းတွင်းလူငယ်များကွန်ယက်မှ ကိုကျော်သက်ဝင်းက စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်နယ်နိမိတ်ကိစ္စ တိုင်းတာရေးနှင့် ရာဇဂြိုလ်ဆည်ကိစ္စတို့ကို ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်ပြပေးရန် ပြောဆိုခဲ့သည်။
“ အင်မတန်မှကလေးဒေသအတွက်အရေးကြီးတဲ့ စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်နယ်စပ်အရေးကို ပြည်ထောင်စုလွှတ်တော် မှာတင်ပြပေးပါ၊ အင်မတန််မှရှုတ်ထွေးပြီးတော့ ပဋိပက္ခတွေဖြစ်လာနိုင်တဲ့အလားရှိနေပါတယ်၊ စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ် နယ်နိမိတ်ကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့ ပြည်သူ့လွှတ်တော်မှာတင်ပြပေးပါ၊ ပြည်ထောင်စုလွှတ်တော်မှာလည်းမေးခွန်း မေးပေးပါလို့မေတ္တာရပ်ခံပါတယ်၊ နောက်တချက်က ရာဇဂြိုလ်ဆည်ကိစ္စပါ၊ လယ်တွေကိုလည်း ရေမပေးနိုင်ပါဘူး၊ မီးလည်းမပေးနိုင်ပါဘူး၊ အဲဒီတွက်ကြောင့်မို့လို့ ရာဇဂြိုလ်ဆည်ကို ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတဲ့မေးခွန်း ကို မေးစေချင်ပါတယ်” ဟု တွေ့ဆုံပွဲတွင် ကိုကျော်သက်ဝင်းကပြောဆိုခဲ့သည်။
ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးလျန်နောင်ကလည်း ကလေးမြို့တွင် ပြည်သူ့ဝန်ဆောင်မှုရုံးဖွင့်လှစ်သင့်ကြောင်းနှင့် လမ်းတံတားခင်းသည့်နေရာတွင် စည်ပင်အဖြေင့် ပြည်သူများအား ငွေကုန်ကျခံခိုင်းမှုများမရှိသင့်တော့ကြောင်း ပြောဆိုခဲ့သည်။
“ လူမှုရေးကိစ္စ၊ ရုံးကိစ္စတွေဆောင်ရွက်တဲ့နေရာမှာ အဆင်ပြေအောင် ပြည်သူ့ဝန်ဆောင်မှုရုံးဖွင့်သင့်ပါတယ်၊ အဲဒီရုံးရှိလို့ရှိ ရင် ဌာနဆိုင်ရာအားလုံးပါ၀င်ပြီးတော့မှ ပြည်သူတွေရဲ့ကိစ္စတွေကို တထိုင်ထဲနဲ့ပြီးသွားနိုင်ပါတယ်၊ နောက်တချက်က စည်ပင်သာယာရေးအနေနဲ့ လမ်းခင်းတဲ့နေရာမှာ လွန်ခဲ့တဲ့အပိုင်းမှာအားရစရာမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ပြည်သူတွေကို ထည့်ခိုင်းတယ်၊ သူတို့မှာလည်း ဘတ်ဂျက်ရှိတယ်၊ ၂၀၁၄-၁၅ တုန်းကဆိုရင် သိန်း ၈၀၀၀ ထောင်လောက်ရှိတယ်၊ ဒါကိုလမ်းခင်းတဲ့နေရာမှာထည့်ခိုင်းသေးတယ်၊ ဒီလိုဟာမျိူးကမရှိသင့်တော့ပါဘူး ပြည်သူတွေကိုတော့ ၀န်ထုပ်ဝန်ပိုး မပေးသင့်တော့ဘူး’’ ဟု သူကပြောသည်။
ယင်းတွေ့ဆုံပွဲတွင် ကလေးမြို့ရပ်မိရပ်ဖများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာသမားများ စုစုပေါင်း အယောက် ၅၀ ကျော်တက်ရောက်ခဲ့ကြပြီး ကလေးမြို့နယ်တွင်း လိုအပ်ချက်များဖြစ်သော၊ လမ်းတံတား၊ စည်ပင်၊ လျှပ်စစ်မီး၊ စသည့်ကိစ္စများ ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ကလေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးသည် ယခုလွှတ်တော်သက်တမ်းတွင် မေးခွန်း ၅ ခုမေးမြန်းနိုင်ခဲ့ သည်ဟု သိရသည်။







