၂၀၁၅ ခုနှစ်၊ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ပေးအပ်ခဲ့သော ကူညီထောက်ပံ့ပစ္စည်းများနှင့် ရံပုံငွေများနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုအပေါ် ဟားခါးသာရ်အမျိူးသမီးအဖွဲ့ (Hakha-Thar Nu Bu) က နိုဝင်ဘာလ (၁၇) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြီး မေးခွန်းထုတ်လိုက်သည်။
ဟားခါးသာရ်အမျီူးသမီးဖွဲ့မှ တာဝန်ရှိသူတစ်ဦး Pi Man Iang က “၂၀၁၅ တုန်းက သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် အဖက်ဖက်ကရရှိတဲ့ ကူညီထောက်ပံ့ပစ္စည်းတွေကို တကယ်ဒုက္ခရောက်နေတဲ့သူတွေကို မပေးဘဲနဲ့ လေလွင့်မှုတွေများတယ်၊ ဒီဟာကို ထိထိရောက်ရောက် ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပေးဖို့လိုပါတယ်” ဟု ပြောသည်။
ယခုလက်ရှိတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ထံ သဘာဝဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၆၀၀၀) ခန့် ကျန်ရှိနေသေးပြီး ယင်းထောက်ပံ့ငွေကြေးအား ချင်းပြည်နယ်ထွေအုပ်ရုံးမှ စီမံခန့်ခွဲမှုအပေါ် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ဟားခါးသာရ် လမ်းပြုပြင်ရေးအတွက်အသုံးပြုသင့်သည်ဟု ကြေညာချက်တွင် တောင်းဆိုထားသည်။
ထို့အပြင် ပြည်ထောင်စုအစိုးရမှ ချင်းပြည်နယ်အစိုးရထံ ထောက်ပံ့ပေးသော သဘာဝဘေးဒဏ်ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် ငွေကြေးများအား ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်တို့မှ တာဝန်ယူခြင်း၊ စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အဓိကအကြောင်းရင်းကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများအား ဝန်ကြီးများ၏ နယ်လှည့်ခရီးသွား လက်ဆောင်အဖြစ် ယူဆောင်ခြင်းသည် မှန်ကန်သည့်လုပ်ရပ်မဟုတ်ကြောင်း ဆန်၊ အစားအစာနှင့် ထောက်ပံ့ပစ္စည်းများကို ဒိတ်မလွန်ခင် ဟားခါးသာရ်ရှိ ဘေးသင့် မရှိဆင်းရဲသားများနှင့် အခြားမြို့နယ်များသို့ ပြန်လည်မျှဝေရန် အမျိူးသမီးအဖွဲ့က တောင်းဆိုထားသည်။
၂၀၁၅ ခုနှစ်တုန်းက သဘာဝဘေးဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရထံ လှူဒါန်းပစ္စည်းများကို လိုအပ်သည့်အချိန်ကာလအတွင်း ပေးဝေခြင်းမရှိဘဲ ရှေ့အနာဂတ်၌ သဘာဝဘေးသင့်ခဲ့သည်ရှိသော် အသုံးပြုရန်အတွက် အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျတ် ရေးဆွဲချမှတ်ခြင်းအပေါ် ချင်းပြည်နယ်လွှတ်တော်မှသိရှိခြင်း၊ သဘောတူခြင်းရှိစေရန် အလိုရှိသည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဟားခါးသာရ်အမျီူးသမီးအဖွဲ့သည် ၂၀၁၅ ခုနှစ် သဘာဝဘေးဒဏ်ကြောင့် ပြောင်းရွှေ့ခဲ့ကြရသော သဘာဝဘေးသင့်ပြည်သူများဖြစ်ပြီး ဟားခါးသာရ်ရပ်ကွက်တွင် အိမ်ခြေ (၁၀၀၀) ခန့်ရှိသည်ဟု သိရသည်။







