မောင်တောဒေသတွင်း နေထိုင်သူ ဘင်္ဂါလီလူမျိုးစုများ၏ လူဦးရေ တိုးပွားမှုနှင့်အတူ အလုပ်အကိုင် ရှားပါးမှု၊ သွားလာရေး ခက်ခဲမှုများကြောင့် ရေကြောင်းမှတဆင့် ပြည်ပနိုင်ငံများသို့ တရားမဝင်သွားလာကြပြီး ယခုနှစ်ပိုင်းအတွင်း ပိုမိုများပြားလာသည်ဟု ဦးလှသိန်းက ဆိုသည်။
"ရပ်ကွက်လူကြီးတွေ၊ ဘုန်းကြီးတွေကလည်း ဗလီမှာ ပြောပြောနေတာပဲ၊ ရပ်ကွက်အုပ်စု ခေါင်းဆောင်တွေ အချင်းချင်း ကောက် ထားတဲ့ စာရင်းအရ ဒီနှစ်ထဲမှာ သုံးရာကျော်နေပြီ" ဟု ဒေသတွင်း လူကုန်ကူးမှုအ ခြေအနေကို ၎င်းက ပြောသည်။ ဘင်္ဂါလီ လူမျိုးစုမောင်တောဒေသခံ အချို့က မလေးရှား၊ ထိုင်း၊ ဆော်ဒီ၊ ဘင်္ဂလားဒေ့ရှ် စသော ဒေသများသို့ သွားရောက် ထားသော ဒေသခံ အချို့က ဒေသတွင်းမှ လူများကို ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု ဆိုသည်။
"ဟိုဘက်တွေမှာ သူ့လူနဲ့ သူရှိတယ်၊ ဒီကလှေ တစ်ခါ တစ်ခါထွက်ရင် အယောက်နှစ်ဆယ်လောက်ကို ခေါ်ပြီးသွားတယ်" ဟု ဦးလှသိန်းက ပြောသည်။ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးကမူ ဒေသတွင်း လူကုန်ကူးမှုများနှင့် ပတ်သက်၍ ယခုနှစ်အတွင်း တိုင်ကြားထားခြင်း မရှိဟု ဆိုသည်။
"လူကုန်ကူးတဲ့ အမှုတွေက လူကုန်ကူးမှု တိုက်ဖျက်ရေးက သီးသန့်လုပ်တယ်။ သူတို့က ဒေသတွင်းမှာ မိရင်တော့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုင်ချက်ဖွင့်တယ်။ ကျွန်တော်တို့ ဒေသတွင်းမှာတော့ ဖမ်းမိတာတွေ တိုင်ချက်ဖွင့်တာတွေ ဒီနှစ်အတွင်းမရှိသေးဘူး "မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကိုကိုက ဆိုသည်။
၂၀၁၄ ခုနှစ်အတွင်းက မြေပုံ ဒုက္ခသည်စခန်းတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ စိစစ်နေစဉ် ဒုက္ခသည် ၁၂၀ ဦး ထွက်ပြေးခဲ့ပြီး ပြန်လည်ဖမ်းဆီးမိခဲ့သည်။ ထို့ပြင် ကျောက်ဖြူ ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၂၀ ကျော် ထွက်ပြေးမှုများကို ဖမ်းဆီးမိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်တွေမြို့နယ်တွင်းရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီ ၁၄ ဦး ခေါ်ဆောင်လာသူနှင့်အတူ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် ဖမ်းဆီးမိခဲ့သေးသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လှေဖြင့်ဝင်လာသော ရာပေါင်းများစွာသော ဒုက္ခသည်များကို အင်ဒိုနီးရှားက ပင်လယ်ပြင်သို့ ပြန်လည် ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၁၂ ရက်က ဖြစ်ပွားခဲ့သေးသည်။







