မင်းတပ်မြို့နယ် တရားသူကြီး၊ ဥပဒေအရာရှိနှင့် ခရိုင်ရဲမှုးတို့ လာဘ်စားမှုဖြင့် တိုင်ကြားခံရ

မင်းတပ်မြို့နယ် တရားသူကြီး၊ ဥပဒေအရာရှိနှင့် ခရိုင်ရဲမှုးတို့ လာဘ်စားမှုဖြင့် တိုင်ကြားခံရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တရားသူကြီး၊ ဥပဒေအရာရှိနှင့် ခရိုင်ရဲမှူး (၃) ဦးတို့ကို လာဘ်စားသည်ဟုဆိုကာ နစ်နာသူ ကာယကံရှင်နှင့် မင်းတပ်မြို့အရပ်ဖက်လူမှုအဖွဲ့အစည်း (၅) ဖွဲ့က အဂတိတိုက်ဖျက်ရေးကော်မရှင်ထံသို့ နိုဝင်ဘာလ (၅) ရက်နေ့က တိုင်ကြားလိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မင်းတပ်မြို့ ပြည်သူ့ဆေးရုံးအနီးတွင် ဦးအွမ်လိန်းငိုင်းနှင့် မောင်ထန်းကီးဟုန်းတို့ ဆိုင်ကယ်ဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန်တရားစွဲဆိုကာ ဦးအွမ်လိန်းငိုင်းသည် အချူပ်ကျထိန်းသိမ်းခြင်းခံခဲ့ရသည်။

အမှုတရားရင်ဆိုင်စဉ်ကာလတွင် ဥပဒေကြောင်းသိကျွမ်းနားလည်မှုမရှိသည့် ဦးအွမ်လိန်းငိုင်းကို မင်းတပ်မြို့နယ် တရားသူကြီး ဦးထွန်းထွန်းနိုင်မှ ကျပ်ငွေ (၂) သိန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်စိုးသိန်းမှ ကျပ်ငွေ  (၂) သိန်း တောင်းယူခဲ့ပြီး အချူပ်ကျစဉ်ကာလအတွင်း ခရိုင်ရဲမှူးနှင့် ရဲဌာနမှ ခွဲဝေယူရန် ကျပ်ငွေ (၃၄) သိန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်စိုးသိန်းမှ ကျပ်ငွေ (၂၅) သိန်းအား ထပ်မံတောင်းခံခဲ့ကြသည်ဟု မင်းတပ်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ ပေးပို့သည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

Third Eye အဖွဲ့မှ ညှိနှိုင်းရေးမှုး ဆလိုင်းမာန်အွမ်က “ပထမ (၂) သိန်းစီပေးတာက ကာယကံရှင် နစ်နာသူကနေ အချူပ်ကျပြီး ခဏပြန်လွတ်လာတဲ့ချိန်မှာ ပေးထားတာပေါ့၊ ကာယကံရှင် နစ်နာသူကိုယ်တိုင်က ပေးထားတာ၊ ဒီ (၂၅) သိန်း နဲ့ (၃၄) သိန်း ပေးတဲ့ဟာကတော့ ကာယကံရှင်က အချူပ်ကျနေစဉ်တုန်းမှာ လူ (၂) ယောက်ကို အကူအညီတောင်းပြီး သွားပေးရတယ်ပေါ့နော်၊ အဲဒီမှာ တရားသူကြီးကလည်း ရယူထားတယ်၊ ဥပဒေအရာရှိကလည်း ရယူထားတယ်၊ နောက် ရဲမှူးဦးဌေးလွင် ကိုယ်တိုင်ကလည်း ယူထားတယ်ဆိုတဲ့ဟာကို သွားတွေ့ရတယ်ပေါ့နော်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

မြန်မာနိုင်ငံတွင် အကျင့်ပျက်ချစားမှု လျှော့နည်းလာစေရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဦးဆောင်ကိုင်တွယ်နေသည့်အတွက် ယခုတိုင်ကြားခံရသူများကိုလည်း ထိထိရောက်ရောက် အရေးယူမည်ဟု မျှော်လင့်ကြောင်း ဆလိုင်းမာန်အွမ်ကပြောသည်။

“အဓိကကတော့ Corruption ရှိလို့ Anti-corruption ဖြစ်ချင်လို့ Corruption ကိုတိုက်တာပါ၊ သမ္မတကြီးကိုယ်တိုင်က ဒီကိစ္စကို ကိုင်တွယ်နေတယ်ဆိုတော့ Corruption မှာ ပါဝင်ပတ်သက်နေသူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်လို့  ယုံကြည်ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

ယခုတိုင်ကြားစာကို နစ်နာသူ ဦးအွမ်လိန်းငိုင်းနှင့် မင်းတပ်အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် CEA, MYA, CCWO, Third Eye နှင့် လင်းလက်ကြယ်စင်အဖွဲ့များမှ တိုင်ကြားခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...