ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ချင်းအမည်ဖြင့်နိုင်ငံရေးပါတီ ပါဝင်လာနိုင်လျှင် ချင်းအရေးနှင့် ပတ်သက်ပြီး ကူညီလာနိုင်မည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆို

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ချင်းအမည်ဖြင့်နိုင်ငံရေးပါတီ ပါဝင်လာနိုင်လျှင် ချင်းအရေးနှင့် ပတ်သက်ပြီး ကူညီလာနိုင်မည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆို

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ချင်းအမည်ဖြင့် နိုင်ငံရေးပါတီပါဝင်လာနိုင်လျှင် ချင်းအရေးကိစ္စရပ်များတွင် ကူညီလာနိုင်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF ) ဒု – ဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲက သုံးပွင့်ဆိုင်ဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်၊ အစိုးရနဲ့ နိုင်ငံရေးပါတီတွေဖြစ်တယ်။ နိုင်ငံရေးပါတီမှာ ချင်းနာမည်နဲ့ပါတီတစ်ခုမှမပါဘူး။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်တော့ပါတယ်။ ချင်းနာမည်နဲ့ပါတီတစ်ခုဖြစ်ဖြစ် တက်လာနိုင်ရင် ကျွန်တော်တို့အတွက်လည်း အရမ်းကောင်းမှာ။ နိုင်ငံရေးပါတီတွေကကူညီမယ်ဆိုတဲ့နေရာမှာ EAO တွေကိုကူညီနိုင်မယ်ဆိုတဲ့သဘောမဟုတ်ပဲနဲ့ ချင်းအရေးနဲ့ပတ်သက်ရင်ကူညီနိုင်မယ်ဆိုတဲ့သဘောကိုပြောချင်တာဖြစ်တယ်” ဟုပြောသည်။

ချင်းပါတီများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မပါဝင်နိုင်ခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် မပါဝင်နိုင်သော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း၊ သို့သော် ချင်းပါတီများ ပါဝင်လာလျှင်ပိုကောင်းကြောင်း သူကပြောသည်။

သူက “ ချင်းပါတီတွေ အနိုင်မရလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာမပါဝင်နိုင်ပေမယ့် ထိခိုက်တဲ့အကျိုးသက်ရောက်မှုတော့မရှိပါဘူး။ ဒါပေမယ့် သူတို့ပါဝင်လာနိုင်ရင် ကောင်းတယ်ဆိုတဲ့သဘောဖြစ်ပါတယ်” ဟုပြောသည်။

အကယ်၍ ချင်းပါတီများ ရွေးကောက်ပွဲအနိုင်ရလာလျှင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲညှိနှိုင်းမှုကော်မတီ (UPDJC )  တွင်ပါဝင်လာနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ပါဝင်လာနိုင်လျှင် ချင်းအမျိုးသားတပ်ဦးနှင့်လည်း တွေ့ဆုံဆွေးနွေးတိုင်ပင်မှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီတွင် လက်ရှိ၌ ချင်းကိုကိုယ်စားပြုမည့်သူမရှိကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။

လက်ရှိချင်းပါတီများ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း၊ အနိုင်ရလျှင် UPDJC ၌အဖွဲ့ဝင်အဖြစ်ပါဝင်လာပြီး အလုပ်အမှုဆောင်ကော်မတီတွင်လည်း ပါဝင်လာမည်ဖြစ်ပြီး မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကူညီလာနိုင်မည်ဟု သူကဆက်ပြောသည်။

သူက “ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ချင်းပါတီတွေအပေါ်မှာ ဘာမှမှတ်ချက်မပေးလိုဘူး။ ကျွန်တော်တို့လည်း ကိုယ့်အပိုင်းနဲ့ကိုယ်ဆိုတော့” ဟုပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပါတီများ တစ်နေရာမှ အနိုင်မရခဲ့ခြင်းကြောင့် အဲန်အယ်ဒီအစိုးရသစ်၏ ငြိမ်းချမ်ရေးညီလာခံတွင် အနိုင်ရပါတီများကိုသာ ဖိတ်ခေါ်သည့်အတွက် ချင်းပါတီများပါဝင်နိုင်ခွင့်မရှိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...