ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားပါတီများဆွေးနွေးရမည့် သီးသန့်အခန်းကဏ္ဍရှိခြင်းကြောင့် ချင်းပါတီများရွေးကောက်ပွဲနိုင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်ရန်အရေးကြီးကြောင်း ချင်းအမျိုးသားတပ်ဦး တွဲဖက်အထွေထွေအတွင်းရေးမှုး (၁) ဒေါက် တာရွှေခါးရ်ကပြောသည်။
ဒေါက်တာရွှေခါးရ်က “ ငြိမ်းချမ်းရေးဖြစ်စဉ်မှာဆွေးနွေးမှုတွေအတွက် Stakeholder သုံးခုရှိတယ်။ အစိုးရဖက်ခြမ်းကနေ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဖြစ်တယ်။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြီးတော့ နိုင်ငံရေးပါတီတွေဆိုပြီး Stakeholder သုံးခုရှိတယ်။ ချင်းနိုင်ငံရေးပါတီများပါဝင်နိုင်ဖို့အရမ်းအရေးကြီးတယ်” ဟုပြောသည်။
သူကဆက်ပြီး “ တိုင်းရင်းသား လက်နက်ကိုင်ဖက်ကနေ ချင်းအမျိုးသားတပ်ဦးပါနေပြီဆိုရုံလောက်နဲ့မရဘူး။ နိုင်ငံရေးဖက်က ကိုယ်စားပြုရတဲ့ ခေါင်းစဉ်အကြောင်းအရာရှိတယ်။ EAO ဖက်က ကိုယ်စားပြုရတဲ့ အကြောင်းအရာလည်းရှိတယ်။ အစိုးရတပ် မတော်ဖက်က ကိုယ်စားပြုရတဲ့အကြောင်း အရာလည်းရှိတယ်။ အခုအဲန်အယ်ဒီအစိုးရက ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီပဲပါရမယ်ဆိုပြီး ကန့်သတ်လိုက်တော့ ချင်းပါတီတွေမပါနိုင်တော့ဘူး။ ဒီကန့်သတ်မှုက တိုင်းရင်းသားပါတီ တွေမပါနိုင်အောင် လုပ်လိုက် သဘောဖြစ်သွားတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ချင်းနိုင်ငံရေးပါတီတွေမ ပါနိုင်တာဝမ်းနည်းစရာဖြစ်တယ်” ဟုပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးများလုပ်ဆောင်စဉ် လက်ရှိအစိုးရ NLD ပါတီမှ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ချင်းအမျိုးသားတပ်ဦးပါဝင်နေပြီဖြစ်သဖြင့် ချင်းပါတီများအနိုင်ရရန်မလိုကြောင်း မဲဆွယ်စည်းရုံးမှုများရှိနေသည်ဟု ဒေသခံများ မှပြောကြားမှုများရှိနေသည့်အပေါ် ယခုကဲ့သို့ ဒေါက်တာရွှေခါးရ်က မှတ်ချက်ပြုခြင်းဖြစ်သည်။
ထို့သို့မဲဆွယ်စည်းရုံးမှုရှိသည်ဟု အတိုက်ခံပါတီများမှ ပြောကြားသော်လည်း ချင်းပြည်နယ်လွှတ်တော်ဒု-ဥက္ကဌလည်းဖြစ်၊ ချင်းပြည်နယ် အဲန်အယ်ဒီ၏ အတွင်းရေးမှုး ဦးအောင်သန်းက အဲန်အယ်ဒီအနေဖြင့် ထိုသို့မဲဆွယ်စည်းရုံးသည်ကို မကြား မိကြောင်းပြောသည်။
ဦးအောင်သန်းက “ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ချင်းအမျိုးသားတပ်ဦး ပါပြီဖြစ်တဲ့အတွက် ချင်းပါတီတွေမလိုတော့ဘူးလို့ အဲန်အယ်ဒီက မဲဆွယ်စည်းရုံးတာမကြားမိဘူး” ဟုပြောသည်။
၂၀၁၅ ခုနှစ်က ချင်းပါတီများ အနိုင်မရခြင်းကြောင့် ၂၁ ပင်လုံညီလာခံတွင် မပါဝင်နိုင်ကြောင်း၊ အဆိုပါညီလာခံတက်နိုင်ရန် ချင်းပါတီကို ချင်းပြည်သူများမှ မဲပေးပြီး အနိုင်ရရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပါတီများကို ချင်းပြည်သူများက မဲပေးရန် အဓိက မဲဆွယ်စည်းရုံးလျက်ရှိသည်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအတွင်းရေးမှုး ဆလိုင်းမျိုးချစ်က “ ကျွန်တော်တို့သိရတာကတော့ မဲဆွယ်စည်းရုံးရေးမှာ NLD က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ချင်းအမျိုးသားတပ်ဦးရှိပြီဖြစ်တဲ့အတွက် ချင်းပါတီတွေမလိုဘူးလို့မဲဆွယ်တာရှိတယ်။ အဲန်အယ်ဒီက လက်ရှိအစိုးရဖြစ်နေတော့ အဲဒီအရှိန်သုံးပြီးမဲဆွယ်တာတွေ၊ ထိလွယ်ရှလွယ်ဖြစ်နိုင်တဲ့ ရွာကို မြို့ပေးမယ်ဆိုပြီး ကတိပေးတာတွေ လည်းရှိတယ်။ စိုးရိမ်စရာက အကယ်လို့ အဲလိုကတိကြောင့် မဲပေးလိုက်ပြီး အစိုးရရဲ့အမှုတွဲမှာရှိပြီးသားရွာတွေကိုပဲ မြို့ပေးလာရင် ရွာခံတွေကပြသနာရှာတာမျိုးတွေဖြစ်လာနိုင်တယ်” ဟုပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီမှ တောင်ပြိုကမ်းပြိုအနိုင်ရရှိပြီး ငြိမ်းချမ်းရေးဖြစ်စဉ် တွေ့ဆုံဆွေးနွေးမှုများကို ၂၁ ရာစု ပင်လုံညီလာခံခေါင်းစဉ်ဖြင့်ပြုလုပ်ရာ ရွေးကောက်ပွဲအ နိုင်ရရှိခြင်းမရှိသည့် ပါတီများပါဝင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့် တိုင်းရင်း သား ပါတီအများစုမပါဝင်နိုင်ခြင်းဖြစ်သည်။
မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ချင်းအမျိုးသားဒီမိုက ရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ အဲန်အယ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီများဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မတူပီမြို့နယ် ပြည်နယ်လွှတ်တော်နေရာအတွက် ချင်းဒီမိုကရေစီအဖွဲ့ချုပ်နှင့် အဲန်အယ်ဒီတို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။







