ခေါ်နူးစုမ်တောင်တွင် စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီလူငယ်များ၏ ခရီးကြမ်းလမ်းလျှောက်ခြင်းအထိမ်းအမှတ် ကျောက်စာတိုင်ဖြိုလှဲခံရခြင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပုံရိပ်ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်သည်ဟု မှတ်ယူကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်နေ့ တွင်) ကြေညာချက်ထုတ်ပြန်လိုက်သည်။
ထိုကျောက်စာတိုင်ကို အောက်ခြေမှကလော်ထုတ်ပြီးဖြိုလှဲကာ ခြုံနွယ်များကြားတွင် စွန့်ပစ်ထားကြောင်း ၂၈.၁၀.၂၀၁၈ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါဝင်သည်။
ထိုသဘောထားထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လူငယ်ရေးရာဌာနမှ ကြီးမှူး၍ လူငယ်ရေးရာစဉ်တိုက်လှုပ်ရှားမှု မိုးယံမှကြယ် အမှတ်စဉ်(၆) ခရီးကြမ်းလမ်းလျှောက်ခြင်းခရီးစဉ်အရ ခေါ်နူးစုမ်တောင်ကို ဗဟိုပြု၍ မင်းတပ်မြို့နယ်မှ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ရွာသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းပါဝင်သည်။
ထိုပြင် ခရီးကြမ်းလမ်းလျှောက်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပါတီဝင် လူငယ် ၉၁ သီး၊ မြန်မာနိုင်ငံခြေလျှင်တောင်တက်အသင်းမှ ၁၁ ဦး ပါဝင်ခဲ့ပြီး ခရီးစဉ်အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခဲ့ရာ ထိုကျောက်တိုင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မိုးယံမှ ကြယ်အမှတ်စဉ်(၆) လူငယ်ရေးရာစဉ်တိုက်လှုပ်ရှားမှု မင်းတပ်မြို့မှ ကန်ပက်လက်မြို့သို့ ခရီးကြမ်းလမ်းလျှောက်ခြင်း အထိမ်းအမှတ် ကျောက်တိုင် (၂၄.၁၂.၂၀၁၃ မှ ၇.၁.၂၀၁၄ အထိ) ချင်ပြည်နယ်ဟု ပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါဝင်သည်။







