မြေမြှပ်မိုင်းနင်းမိသည့် ဦးဟွေ့တန်းကို ဆေးကုသရန် စစ်တွေသို့ပို့ဆောင်

မြေမြှပ်မိုင်းနင်းမိသည့် ဦးဟွေ့တန်းကို ဆေးကုသရန် စစ်တွေသို့ပို့ဆောင်

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ရပ်ချောင်းရွာနေ အသက် (၃၅) နှစ် ဦးဟွေ့တန်းသည် အောက်တိုဘာလ (၂၉) ရက်နေ့က မြေမြှပ်မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိသည့်အတွက် ဆေးကုသရန် ယနေ့နံနက်ပိုင်းက စစ်တွေမြို့သို့ ပို့ဆောင်သည်ဟု သိရသည်။

“စစ်တွေ စစ်ဆေးရုံမှာ ဆေးဝါးကုသဖို့ ယနေ့မနက်ပိုင်းက ပို့ဆောင်တယ်လို့ကြားရတယ်၊ ဒဏ်ရာတွေက ပြင်းထန်တော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်’’ ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးအသင်းမှ ကိုကျော်အောင်ကပြောသည်။

ဦးဟွေ့တန်းနှင့် ရွာသား (၅) ဦးတို့သည် တောထဲသို့ ဟင်းရှာပြီး အပြန်လမ်းခရီးတွင် မြေမြှပ်မိုင်းနင်းမိ၍ မျက်နှာတစ်ခုလုံး ပျက်ဆီးသွားကာ ဘယ်ဖက်လက်ချောင်းများလည်း ပြတ်ထွက်သွားသည့်အပြင် ညာဘက်ပေါင်ရင်းတွင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့ခြင်းဖြစ်သည်။

ဦးဟွေ့တန်းသည် သားသမီး (၆) ဦးကို အလုပ်အကျွေးပြုနေသည့် ဖခင်တစ်ဦးဖြစ်ပြီး ဆေးဝါးကုသရန် ငွေကြေးအခက်အခဲရှိနေသည်ဟု ကိုကျော်အောင်က ဆက်ပြောသည်။

ပလက်ဝမြို့နယ်သည် ရခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး နယ်စပ်ဒေသများတွင် မြေမြှပ်မိုင်းများထောင်ထားကြသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၀) ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ပီချောင်းဒေသအထက်ပိုင်း၊ ငတိန်းအုပ်စု၊ ငတိန်းကျေးရွာနေ ဒေါ်ဖြစ်လိုက်သည် တောထဲတွင် ဝဥရှာဖွေရင်း မြေမြှပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...