မေလ ၁၃ ရက် နံနက် ရ နာရီတွင် ဗန်းမော်မြို့ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် လူစုဝေး၍ ဆုတောင်းဝတ်ပြုကာ ၉ နာရီမှ မွန်းလွဲ ၁၂ နာရီချိန်ထိ ဗန်းမော်မြို့ တစ်မြို့လုံးကို တစ်ပတ်ပတ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဗန်းမော်မြို့နယ် KBC၏ အတွင်းရေးမှူး သိက္ခာတော်ရဆရာကြီး ဦးနန်းဇိန်းတူးဂျာက ပြောသည်။
“ကျွန်တော်တို့ တောင်းဆိုတာက ပြစ်မှုကျူးလွန်တဲ့ ခမရ ၄၃၈ က တပ်သား ဇော်မျိုးအေးကို ဒီအရပ်ဘက် လွဲပေးပြီးတော့မှ ထင်သာမြင်သာနဲ့ တရားစီရင်ပေးဖို့ တောင်းဆိုတာပါ။ ပြီးတော့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ရပ်ဖို့ အမျိုးသမီးများကို နည်းပေါင်းစုံနဲ့ အကြမ်းဖက်တဲ့ အရာတွေ အားလုံးကို ကာကွယ်ပေးဖို့ရန် အစိုးရကို တောင်းဆိုတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
မေ ၁၃ရက် နံနက်က ဆန္ဒဖော်ထုတ်ရန် ဝတ်ပြုဆုတောင်းပွဲသို့ KBC မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဇွန်ကလည်း လာရောက်၍ အားပေး မိန့်ခွန်းပြောဆိုခဲ့သည်ဟု သူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် ညက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာနေ အသက် ရ၃ နှစ်အရွယ် အဖွားအိုအား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အစိုးရ တပ်မတော်သား ခမရ ၄၃၈ မှ တပ်သား ဇော်မျိုးအေးကို အရပ်ဘက် တရားရုံးသို့ လွဲပေး၍ လွတ်လပ်စွာ တရားစီရင်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။
KBC အသင်းတော်မှ ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာ အာဏာပိုင်းထံသို့ ခွင့်ပြုမိန့်တောင်းဆိုရာတွင် လူပေါင်း ၃၀၀ ဆန္ဒဖော်ထုတ် ရန် ခွင့်ပြုမိန့် ရရှိခဲ့သောလည်း ဗန်းမော်မြို့ခံများက မိမိဆန္ဒနှင့်အညီ ပါဝင်လာသဖြင့် လူဦးရေပေါင်း ၆၀၀ ကျော်ထိ ပါဝင်ဆန္ဒဖော်ထုတ်နိုင်ခဲ့သည်ဟု သူက ပြောသည်။
အစိုးရ စစ်တပ်ဘက်မှ အရာရှိများ ပြောဆိုချက်အရ တပ်သား ဇော်မျိုးအေးအား မိုးမောက်မြို့နယ် နွယ်လမ်း အခြေစိုက် ခမရ ၄၃၈ တပ်ရင်းတွင် ချုပ်နှောင်ထားသည်ဟု သိရကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားလာသဖြင့် အမျိုးသမီးများ၏ လုံခြံုမှုအတွက် ပိုမိုစိုးရိမ်မှုများ ရှိနေသည်ဟု သိက္ခာတော်ရဆရာကြီး ဦးနန်းဇိန်း တူးဂျာက ပြောသည်။
“အဘွားအိုကိုတောင်မှ ဒီလို မဒိန်းကျင့်ဖို့ရန် ကြိုးစားတယ်။ ပြီးတော့ လည်ပင်း ညှစ်သတ်ဖြတ်နိုင်ဖို့ ကြိုးစားတဲ့ အပေါ်မှာ လူထုတွေက အထူးသဖြင့် အမျိုးသမီးတွေက ဒီသတင်းကို ကြားတဲ့အခါမှ ရင်ထုမနာဖြစ်ပြီးမှ သူတို့ရဲ့ လုံခြံုမှုကို တော်တော်လေး စိုးရိမ်ရတဲ့အပိုင်းမှာ ခံစားရတဲ့အပိုင်းကို တွေ့ရှိရတယ်။
ဆိုတော့ ဒါက အခုဖြစ်တဲ့ နေရာက ရှေ့တန်း စစ်မြေပြင်မှာလည်း မဟုတ်ဘူး။ နောက်တန်း အခြေစိုက်ထားတဲ့ တပ်ရင်းနဲ့ ကပ်ရက်ရှိတဲ့ရွာမှာ ဒါမျိုးဖြစ်တယ် ဆိုတော့ ဒါတွေက ကျွန်တော်တို့အမေတွေ အဘွားတွေ ညီမတွေအတွက် ဒီစစ်တပ်နဲ့ ဒီလို နေနေရတာဟာ အန္တရာယ်အကြီးကြီး ဖြစ်တယ်ဆိုတာကို မျက်မြင် ကိုယ်တွေ့ သိရှိလာတယ်။ တော်တော်လေး စိုးရိမ်စရာတွေတော့ ပြောနေကြပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။
တပ်မတော် တပ်သား ဇော်မျိုးအေးအား လက်ရှိ မိုးမောက်မြို့နယ် ရဲစခန်းတွင် (ပ) ၃၂၀၁ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅၆၊ ၃၇၆၊ ၅၁၁ တို့ဖြင့် အမှုဖွင့် ထားသော်လည်း အဆိုပါ တပ်သားကို မိခင်တပ်ရင်းက ပြန်လည် ခေါ်ဆောင်သွားခဲ့သည်ဟု အရပ်ဘက် အဖွဲ့အစည်း ၆၅ ဖွဲ့က ယင်းဖြစ်ရပ်အပေါ် ကန့်ကွက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်ကာလအတွင်း ပြည်သူလူထုမှ ယုံကြည်မှု မပျက်ပြားစေရေးအတွက် အမျိုးသမီးများအား လက်နက်ကိုင်တပ်ဖွဲ့များမှ အကြမ်းဖက်မှုကို အဆုံးသတ်ရန်၊ တပ်သားဇော်မျိုးအေးအား တရားဥပဒေနှင့်အညီ အရပ်ဘက် တရားရုံးတွင် ပွင့်လင်းမြင်သာ မှန်ကန်စွာ အရေးယူပေးရန်၊ နောက်နောင် အလားတူဖြစ်ရပ်များ ဖြစ်ပေါ်မှု မရှိစေရန်နှင့် အမျိုးသမီးထု၏ လုံခြံုရေးအတွက် စစ်ဘက်ဆိုင်ရာစစ်ကြောင်းများ၊ စစ်တပ်များအား ကျေးရွာနှင့် နီးကပ်စွာနေ ရာချထားခြင်း တပ်ချခြင်းများ ကန့်ကွက်ကြောင်း ထည့်သွင်း တောင်းဆိုထားသည်။
ထို့ပြင် အမူတွင် ပါဝင် ပတ်သက်သူများသည် မျက်မြင်သက်သေများ၊ တရားလိုနှင့် သက်သေခံပစ္စညး်များ အပါအဝင် ဒေသခံ ပြည်သူများ၏ လုံခြံုရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးစောင့်ရှောက်ပေးရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။







