ရေဖြူမြို့နယ် အလယ်စခန်းရွာအနီး ခြံသမား ၃ ဦးကို KNU တပ်ဖွဲ့ဝင် ရိုက်နှက်ခဲ့ဟုဆို

ရေဖြူမြို့နယ် အလယ်စခန်းရွာအနီး ခြံသမား ၃ ဦးကို KNU တပ်ဖွဲ့ဝင် ရိုက်နှက်ခဲ့ဟုဆို
၂၀၁၆ ခုနှစ်က KNU နှင့် NMSP အရာရှိများ ရာဘူးကျေးရွာဆွေးနွေးပွဲ(photo/MNA)
၂၀၁၆ ခုနှစ်က KNU နှင့် NMSP အရာရှိများ ရာဘူးကျေးရွာဆွေးနွေးပွဲ(photo/MNA)

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်း၌ ဥယာဉ်ခြံလုပ်ကိုင်နေသူ ၃ ဦးကို ဒေသအနီးတဝိုက်ဝင်ရောက်လာသော ကရင့်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၈ ရက်နေ့တွင် ရိုက်နှက်သဖြင့် ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သတင်းရရှိသည်။

အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်း(ခ) နိုင်အရန်း က “ကျနော့်ရွာသား ၂ ယောက်၊ ဟံဂံရွာသားတစ်ယောက်ကို KNU စစ်သားတွေ လမ်းမှာတွေ့ပြီး ရိုက်တယ်၊ သေနတ်ဒင်နဲ့ထု၊ ဓါးပြားနဲ့ရိုက်၊ လက်သီးနဲ့ထိုး ခြေထောက်နဲ့ကန်တယ်၊ ခြံမထွက်နဲ့ ပြောတယ်၊ သက်ဆိုင်ရာကိုတိုင်ကြားရင် သတ်ပစ်မယ်လို့ ပြောတယ်၊ ဟံဂံရွာသားက ဒဏ်ရာတော်တော်ပြင်းထန်တာလို့ သူမိဘတွေ ကျနော့်ဆီလာပြောတယ်” ဟု ဆိုသည်။

အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးက အလယ်စခန်းရွာသား နိုင်အလင်း၊ နိုင်စိုးဝင်းနှင့် ဟံဂံရွာသား နိုင်လင်း( အသက် ၂၀ နှစ်ခန့်-အဖ နိုင်အောင်မင်း) တို့ (၃) ဦး ဖမ်းဆီးရိုက်နှက်ခံရသည့်ကိစ္စကို ထားဝယ်မြို့ရှိ လွှတ်တော်အမတ်များထံ အကြောင်းကြားထားသည်ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ကျနော်တို့ ရွာမှာ ကရင်အိမ်တစ်အိမ်မှ မရှိပါဘူး၊ KNU က ကျနော်တို့ခြံတွေကို နှစ်စဉ်ကြေးဆိုပြီး ခြံတစ်ခြံ ငွေကျပ် ၃-၄-၅ သောင်း သတ်မှတ်ပြီး ငွေလာတောင်းတယ်။ ကျနော်က အစိုးရလူကြီးတွေကို တိုင်လိုက်တော့ သူတို့ငွေလာကောက်လို့ မရဘူး၊ ဒါကြောင့် KNU က ကျနော့်ကို စိတ်ဆိုးနေတယ်၊ ကျနော့််ကို တွေ့ရင်တော့ နားရွက်ဖြတ်ချင်တယ်လို့ တဆင့် ပြောလာတယ်” ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

အဆိုပါ ကြောင်လျှာကွင်း၌ ခြံများအား နှစ်စဉ်ကြေးလှည့်လည်ကောက်ခံသည့် KNU အဖွဲ့နှင့် ဒေသအခြေစိုက် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တို့ အောက်တိုဘာ ၆ ရက်နေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၂ ရက်အကြာ ရွာသားများကို ရိုက်နှက်ခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ကြေးမပေးသောခြံများ အလုပ်မထွက်ရန် KNU ပိတ်ပင်ထားကြောင်း၊ ခြံသမားများ အလုပ်ထွက်ပါက ရိုက်နှက်မည်ဟု ပြောကြောင်း ၄င်းကဆိုသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ အရာရှိတစ်ဦးက “ အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ကျနော်တို့ကင်းစခန်းတစ်ခုဆီ KNU စစ်သားလို့ပဲယူဆရပါတယ် သူတို့ရောက်လာတော့ ကျနော်တို့ရဲဘော်တွေနဲ့ ပစ်ခတ်ထိတွေ့မှုနည်းနည်းပါး ဖြစ်ခဲ့တယ်၊ သူတို့ဒဏ်ရာရသွားပုံရတယ်၊ နောက် ၂ ရက်အကြာမှာ ရွာသားခြံသမားတွေကို ရိုက်တဲ့ကိစ္စဖြစ်ပေါ်လာတယ်၊ အရိုက်ခံထိတဲ့ခြံသမားတွေကိုလည်း ကျနော်တို့ လိုက်တွေ့ခဲ့ပြီးမေးမြန်းခဲ့တယ်” ဟု ဆိုသည်။

နယ်မြေဒေသအငြင်းပွားစရာဖြစ်နေသော အဆိုပါကြောင်လျာကွင်းဒေသအနီးတဝိုက်၌  မွန်ပြည်သစ်တပ်ဖွဲ့ဝင်များနှင့် KNU တပ်ဖွဲ့ဝင်များအကြား ယမန်နှစ်တွင် ၄ ကြိမ်ထက်မနည်း ပစ်ခတ်ထိတွေ့မှုတိုက်ပွဲငယ်များ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ရုံးမှ ဒေသအနီးရှိ KNU တပ်မဟာ(၄) တပ်ခွဲ(၃) သို့ အဆက်အသွယ်ရယူလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S သို့လည်း တိုင်ကြားသွားရန်စီစဉ်ထားကြောင်း ၄င်းမွန်ပြည်သစ်အရာရှိက ဆိုသည်။

သို့ရာတွင် JMC-S (တနင်္သာရီတိုင်းဒေသကြီး) တွင် တပ်မတော်နှင့် KNU ကိုယ်စားလှယ်များသာပါရှိနေပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ NMSP ကိုယ်စားလှယ်များ ပါဝင်ခွင့် မရှိသေးပေ။

January 12, 2026
ဇန်နဝါရီ ၁၁ ရက်နေ့ ယမန်နေ့က မြို့နယ် (၅) မြို့နယ်တွင် ကျင်းပခဲ့သည့် အပိုင်း (၂) ရွေးကောက်ပွဲတွင်...
January 9, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ...
January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...
January 7, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အပန်းဖြေနေရာနှင့် ဟိုတယ်များတွင် ကျားဖြန့်လုပ်သားများကို...