ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ “မွန်ရိုးရာဝတ်စုံ စက်ချုပ်သင်တန်း” ဖွင့်လှစ်

ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ “မွန်ရိုးရာဝတ်စုံ စက်ချုပ်သင်တန်း” ဖွင့်လှစ်

ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ စက်ချုပ်သင်တန်းကို အခမဲ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။

ခေတ်နှင့်အညီ ပြောင်းလဲဝတ်ဆင်လာသည့် မွန်ရိုးရာဝတ်စုံများကြား မူလရိုးရာလက်ဟောင်းပုံစံများ တဖြည်းဖြည်း လျော့နည်းပျောက်ကွယ်လာနိုင်သည့်အပေါ် ရိုးရာဝတ်စားဆင်ယင်မှုကိုထိန်းသိမ်းရန်နှင့် မွန်ရိုးရာဝတ်စုံ၏သင်္ကေတလက္ခဏာများကို ထိန်းသိမ်းနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ Dr. မင်းခင်စိန် က ပြောကြားသည်။

“ဒီသင်တန်းမှာက အမျိုးသားဝတ်၊ အမျိုးသမီးဝတ် မူရင်းမွန်ရိုးရာဝတ်စုံ ချုပ်လုပ်တဲ့ ပုံစံကို အဓိကသင်ကြားပေးသွားမယ်၊ နောက်ပြီးတော့ နှစ်ပါးတွဲအကမွန်ဝတ်စုံကိုလည်း သင်ကြားပေးဖို့ရှိတယ်။ ကျွန်တော်တို့က မွန်ရိုးရာဝတ်စုံ ချုပ်ပုံချုပ်နည်းတွေကို မပျောက်ကွယ်သွားဖို့ ထိန်းသိမ်းလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကို ပထမဦးဆုံးဖွင့်လှစ်လိုက်တာပါ။ သင်တန်းကြေးလည်း မယူဘူး။ အခမဲ့သင်ပေးမှာပါ။” ဟုဆိုသည်။

ထို့ကြောင့် လာမည့် ဇွန်လ ၆ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်နေ့အထိ ရွှေတိဂုံဘုရားတောင်ဘက်မုခ် ရွှေတိဂုံဘုရားလမ်းရှိ မွန်ဓမ္မာရုံ၌ အပတ်စဉ် စနေ့၊ တနင်္ဂနွေတိုင်း သင်တန်းသူ သင်တန်းသား (၂၀) ဦးလက်ခံပြီး အခမဲ့သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ Dr. မင်းခင်စိန် က ပြောကြားသည်။

ယခုဖွင့်လှစ်မည့် သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အခြေခံစက်ချုပ်ပညာ တတ်ကျွမ်းထားသူဖြစ်ရန်လိုအပ်ပြီး၊ (၁၅-၆-၂၀၂၆) တနင်္လာနေ့ နောက်ဆုံးထားကာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ထံသို့ ဆက်သွယ်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားထားသည်။

မွန်ရိုးရာဝတ်စုံသည် မွန်လူမျိုး၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် လူမျိုးရေးသင်္ကေတတစ်ရပ်ဖြစ်သည့်အတွက် လူငယ်မျိုးဆက်များအနေဖြင့် တန်ဖိုးထားလေ့လာထိန်းသိမ်းသွားရန် လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားထားသည်။

ထို့အပြင် ခေတ်နှင့်အညီ ဒီဇိုင်းများ ပြောင်းလဲလာသော်လည်း မူလရိုးရာပုံစံ၊ အဆင်အပြင်နှင့် အဓိပ္ပာယ်များ မပျောက်ကွယ်စေရေးအတွက် မွန်လူမျိုးတိုင်း ဝိုင်းဝန်းထိန်းသိမ်းရန် အရေးကြီးကြောင်း Dr. မင်းခင်စိန်က ဆက်လက်ပြောထားသည်။

“ ဘယ်နေရာမှာမဆို ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုအစစ်စစ်ကို ဆက်ထိန်းသိမ်းသွားဖို့လိုတယ်။ အခုက ကျွန်တော်တို့အားလုံးမြင်တဲ့အတိုင်း မွန်ရိုးရာဝတ်စုံမူရင်းလက်ဟောင်းပုံစံကို သွေဖယ်ပြီး ချုပ်လုပ်နေကြတယ်။ ဒီအချက်တွေက နောင်မှာ မွန်ရိုးရာဝတ်စုံပုံစံအစစ်တွေ ပျောက်ကွယ်သွားနိုင်တယ်။ ဒါတွေကို မပျောက်ကွယ်ခင်မှာ မွန်လူမျိုးတိုင်း ဆက်ထိန်းသိမ်းသွားဖို့လိုတယ်။” ဟုဆိုသည်။

ရန်ကုန်မြို့ရှိ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီသည် မွန်စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များ မပျောက်ကွယ်စေရေးအတွက် နှစ်စဉ် လူငယ်ရေးရာ၊ ယဉ်ကျေးမှုနှင့် ပညာပေးဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည့် ကော်မတီတစ်ခုဖြစ်သည်။

ပုံ-မွန်စာပေနှင့်ယဥ်ကျေးမှုအသင်း (ရန်ကုန်)

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...
ဓာတ်ပုံ - ထိုင်းသတင်း
August 17, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ...
August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...