ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မတူပီနှင့် ကန်ပက်လက်မြို့နယ်တွင် မဲပေးနိုင်သူ (၃၀၀၅၅) ဦးရေရှိသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
အောက်တိုဘာလ (၁) ရက်နေ့ကစ၍ သက်ဆိုင်ရာမြို့နယ်များတွင် မဲစာရင်းများကို အများပြည်သူကြည့်ရှုနိုင်ရန် ကပ်ထားပြီးဖြစ်ကြောင်း မတူပီမြို့နယ်တွင် မဲပေးနိုင်သူ (၁၇၆၀၄) နှင့် ကန်ပက်လက်တွင် (၁၂၄၅၁) ဦးရေရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။
“လျှို့ဝှက်စွာမဲပေးနိုင်ဖို့ရည်ရွယ်ပြီးတော့လုပ်တယ် ပြီးတော့ မဲပေးပိုင်ခွင့်ရှိတဲ့သူတွေ မဲပေးခွင့် မဆုံးရှုံးအောင် အဲဒါလေးတွေ မဲစာရင်းလာကြည့်တဲ့အခါမှာ ရွေးကောက်ပွဲနေ့မှာ မဲရုံအဖွဲ့တွေရော၊ ရပ်ကျေးတွေကရော လျှို့ဝှက်မဲပေးနိုင်ဖို့ရယ် မဲပေးပိုင်ခွင့်ရှိတဲ့လူ မဲပေးဖို့မဆုံးရှုံးဖို့ ဒါတွေကိုလည်းလုပ်သွားမယ်၊ လွတ်လပ်မျှတပြီး မဲပေးခွင့်ရရှိဖို့ ရပ်ကျေးကော်မရှင်၊ မဲရုံအဖွဲ့တွေက အဓိက ကြီးကြတ်ပြီး ပ့ံပိုးပေးသွားမယ်” ဟု ဦးလင်းကျော်က ပြောသည်။
ကန်ပက်လက်နှင့် မတူပီမြို့နယ်ရှိ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်များကို ပြီးခဲ့သည့် စက်တင်ဘာလ (၂၇) ရက်နေ့ကစ၍ ရွေးကောက်ပွဲကော်မရှင်မှ သင်တန်းများပြုလုပ်ပေးကာ ၎င်းတို့မှတဆင့် မဲဆန္ဒရှင်ပြည်သူ တွေဆီ အသိပညာပေးလုပ်ငန်းများ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဦးလင်းကျော်ကပြောသည်။
ထို့အပြင် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲပေးနိုင်ရန်အတွက် မသန်စွမ်းအမျိုးအစား (၄) မျိုးထဲမှ အမျိုးအစားပေါ်မူတည်ပြီး မဲရုံပြင်ဆင်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုမှ မဲရုံတစ်ရုံအတွက် ကျပ်သုံးသောင်းခွင့်ပြုထားသည်ဟု သိရသည်။
ကန်ပက်လက်မြို့ ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ(CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မတူပီမြို့ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) နှင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) တို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။







