နိုင်ငံတော် ဒု-သမ္မတထံ ရိခေါဒါရ် မြို့မိမြို့ဖများမှ ဒေသလိုအပ်ချက် (၇) ချက်တင်ပြ

နိုင်ငံတော် ဒု-သမ္မတထံ ရိခေါဒါရ် မြို့မိမြို့ဖများမှ ဒေသလိုအပ်ချက် (၇) ချက်တင်ပြ

ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) ရက်နေ့၌ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့သို့ရောက်ရှိလာသော နိုင်ငံတော် ဒု-သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူထံ ရိခေါဒါရ်မြို့မိမြို့ဖများမှ ဒေသလိုအပ်ချက် (၇) ချက် တင်ပြဆွေးနွေးခဲ့ပြီး အဆိုပါ (၇) ခု အနက် (၂) ခုကို သက်ဆိုင်ရာများမှ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ရိခေါဒါရ်မြို့ မြို့မိမြို့ဖများမှ ဒု-သမ္မတထံ တင်ပြသော အချက် (၇) ချက်မှာ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံတွင် လုံလောက်သောလူနာဆောင် (၁၂၂ ပေ x ၅၆ ပေ) နှစ်ထပ် ထပ်တိုးပေးရန်၊ ကျန်မာရေးဝန်ထမ်းအိမ်ရာ (၁၀၀ ပေ x ၄၀ ပေ နှစ်ထပ်) ချထားပေးရန်၊ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံတွင် 100 MA ဓါတ်မှန်စက် (၁) လုံး ချထားပေးရန်၊ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံတွင် လူနာတင်ယာဉ် (Ambulance) တစ်စီး ချထားပေးရန်၊ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံကို အုတ်တံတိုင်း (၁၅၁၀ ပေ x ၅ ပေ) တည်ဆောက်နိုင်ရေးအတွက် ရန်ပုံငွေ ခွဲဝေချထားပေးရန်၊ ရိခေါဒါရ်မြို့ သောက်သုံးရေရရှိနိုင်ရေးအတွက် မိုင် (၂၀) ခန့်အကွာမှ (HDPE) ပိုက် ၄ လက်မဖြင့် သွယ်ယူရန် ခန့်မှန်းကုန်ကျမည့်ငွေကျပ် (၁၅၀၀) သန်းခန့် ရန်ပုံငွေချထားပေးရန်နှင့် ရိခေါဒါရ်မြို့၌ (၁၂၀x၄၀) ပေရှိ မြို့ခန်းမအဆောက်အဦးတစ်လုံးအား ဆောက်လုပ်ပေးရန် စသည့် အချက် (၇) ချက်ကို တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ရိခေါဒါရ်မြို့ နယ်မြေ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျံနာက ပြောသည်။

“ကျနော်တို့တင်ပြချက်အပေါ် အတိအလင်းလုပ်ပေးမယ်လို့ သက်ဆိုင်ရာတွေ ဖြေကြားပေးတာကတော့ တိုက်နယ်ဆေးရုံအတွက် ဓာတ်မှန်ရိုက်စက်နှင့် ကျန်းမာရေးဝန်ထမ်းနေအိမ်ဆောက်ပေးဖို့ အတိအကျအဖြေပေးပါတယ်။ ကျန်တဲ့ လိုအပ်ချက်တင်ပြတာတွေကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကို စောင့်နေဖို့သဘောရှိတယ်” လို့ပြောသည်။

လူနာတင်ယာဉ် (Ambulance) သည် မြို့နယ်ဆေးရုံအဆင့်တွင်သာ ချထားပေးလျက်ရှိသော်လည်း ရိခေါဒါရ်မြို့သည် နယ်စပ်ဒေသ၊ ဝေးလံသောနေရာဒေသဖြစ်သောကြောင့် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို ဒု-သမ္မတမှ မှာကြားခဲ့ကြောင်းလည်း ပူးချန်လျံနာက ဆက်ပြောသည်။ ၎င်းအပြင် ရိခေါဒါရ်မြို့အတွင်း သောက်သုံးရေဖူလုံမှုရရှိနိုင်ရေးအတွက် တင်ပြသောအချက်ကိုလည်း လာမယ့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းစဉ်းစားပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

လက်ရှိ ရိခေါဒါရ်မြို့ ရေပေးရေပိုက်လိုင်းသည် ပင်မ (၇) မိုင်ခန့်အကွာမှ (၂) လက်မ GI Pipe ဖြင့် သွယ်ထားခဲ့ခြင်းဖြစ်ပြီး လူနေမှုထူထပ်လာသည်နှင့်အမျှ ရေလွှမ်းခြုံနိုင်ခြင်းမရှိတော့ကြောင်း မိုးရာသီတွင် ရေလွမ်းခြုံမှု (၇၀%) ခန့်ရှိခဲ့သော်လည်း နွေရာသီတွင် မြို့ရေလွမ်းခြုံမှု (၃၀%) ခန့်သာရှိကြောင်း သိရပြီး မြို့ရေလွမ်းခြုံမှုရရှိနိုင်ရေးအတွက် ရေထွက်ပေါက်အသစ် မြို့နှင့်မိုင် (၂၀) ခန့်အကွာတွင်ရှိသော သီးကျိရ်အုပ်စု၊ သီးကျိရ်ကျေးရွာနှင့် မွန်လွှကျေးရွာကြား ဝေါမ်သွီးဒေါန် ရေထွက်သွယ်ယူနိုင်ပါက မြို့ရေလွမ်းခြုံမှုရရှိနိုင်မည်ဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း မြို့ရေလွမ်းခြုံမှု (၁၀၀ %) ရရှိနိုင်မည်ဖြစ်သည်။

ရိခေါဒါရ်မြို့တွင် မြို့ခန်းမမရှိသေးပါသဖြင့် လူကြီးခရီးစဉ်တွေ့ဆုံးပွဲ၊ နေ့ထူးနေ့မြတ်စသည့် အခမ်းအနားနှင့် အစည်းအဝေးများ ပြုလုပ်သည့်အခါ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် အစည်းအဝေးခန်းကို အသုံးပြုနေကြရပြီး ၎င်းအခက်အခဲများ ဖြေရှင်းနိုင်ဖို့အတွက် မြို့ခန်းမအဆောက်အဦးတစ်လုံးအား ဆောက်လုပ်ရန် တင်ပြသည့်အပေါ် ဒု-သမ္မတမှ အလေးအနက် ထားရှိကြောင်းနှင့် အင်မတန်လိုအပ်သည့်အရာဖြစ်သည့်အတွက် ၎င်းကိစ္စကိုလည်း လာမယ့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း စဉ်းစားပေးသွားမည်ဟု ပြောဆိုခဲ့သည့်အပြင် တည်ဆောက်မည့်မြေနေရာများကိုလည်း ရှာဖွေထားရန် မှာကြားခဲ့ကြောင်း သိရသည်။

ရိခေါဒါရ်မြို့ကို ရောက်ရှိလာသော နိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက အသည်းနှလုံးပုံသဏ္ဍန်ရှိသည့် ရိရေကန်သည် မြန်မာနိုင်ငံတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းရှိ ထူးဆန်းသောရေကန်ဖြစ်သည့်အတွက် ရိရေကန်ကြီးကို ထိန်းသိမ်းပြုစုရာတွင် ပြည်သူအားလုံး၏တာဝန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် အဖက်ဖက်တွင် ဖူလုံမှုမရှိသေးသောကြောင့် ယခုတင်ပြတောင်းဆိုထားသော အချက်များအားလုံးကို ရာနှုန်းပြည့်မပေးနိုင်သော်လည်း အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဟု ဒု-သမ္မတက ပြောသွားကြောင်း ဦးချန့်လျံနာ facebook စာမျက်နှာတွင် ဖော်ပြသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...