ရိခေါဒါရ်မြို့ရှိ ကားလေးဝင်းအသစ် ဖွင့်လှစ်

ရိခေါဒါရ်မြို့ရှိ ကားလေးဝင်းအသစ် ဖွင့်လှစ်

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု၊ လူနှင့်ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသည်တင်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော ကားလေးဝင်းအသစ်အား စက်တင်ဘာ (၂၇) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကားလေးဝင်းအသစ်ဖွင့်ပွဲအခမ်းအနားကို အဆိုပါ ကားလေးဝင်းမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရိခေါဒါရ်တပ်စခန်း ခလရ (၂၂၈) တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းလင်း၊ ရိခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဖြိုးဝေ၊ ရိခေါဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရန်းကမ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Facebook စာမျက်နှာတွင် ဖော်ပြသည်။

အဆိုပါ အခမ်းအနားတွင် ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက်လူငယ်များ၊ အမှတ် (၂) ရပ်ကွက်လူငယ်များနှင့် ရပ်ကွက် (၂) ရှိ တီးတိန်လူငယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ဂုဏ်ပြု ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းလည်းသိရသည်။

ရိခေါဒါရ်မြို့တွင် ကားလေးဝင်းတည်ဆောက်ဖို့မြေနေရာအပြင် ဘတ်ဂျက်များမရှိသည့်အတွက်ကြောင့် အဆိုပါ ကားလေးဝင်း တည်ဆောက်ထားသောနေရာမှာ ရိခေါဒါရ်မြို့အဝင် မြေကွက် (၁.၁၄၀) ဧက အကျယ်အဝန်းအား ဒေသခံ စေတနာအလှူရှင် ဦးမွဲသဲ က လှူဒါန်းခဲ့ကြောင်းနှင့် ကားလေးဝင်းမြေနေရာအတွက် စေတနာထက်သန်စွာ မြေကွက်လှူဒါန်းပေးသော ဦးဗျက်မောယာ မိသားစုတို့အား မြို့အုပ်ချုပ်ရေးမှူး၊ မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါမြေကွက်ပေါ်တွင် မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းစီစဉ်မှုဖြင့် Khau Te Family Company မှ ကားဂိတ်အဆောက်အဦးအရွယ်အစား (၁၂’×၁၀’) သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အဦး (၅) ခန်းတွဲနှစ်ဆောင်၊ (၇) ခန်းတွဲ တစ်ဆောင်၊ စုစုပေါင်းအခန်းပေါင်း (၁၇) ခန်း ဆောက်လုပ်ခဲ့ပြီး “ကားဂိတ်ကနေရလာတဲ့ ရန်ပုံငွေနဲ့ ကုမ္ပဏီကို ပြန်ဆပ်ဖို့ ဆွေးနွေးထားပါတယ်” ဟု ရိခေါဒါရ်မြို့ ပြန်ကြားရေးဒုတိယတာဝန်ခံ ဦးလာလ်ပက်လောမ်က ပြောသည်။

ရိခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယနယ်စပ်မြို့တစ်ခုဖြစ်သည်နှင့်အညီ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုရှိပြီး လူနှင့်ယာဉ်ဝင်/ထွက်သွားလာမှုများပြားသည့် နေရာဒေသတစ်ခုဖြစ်၍ လက်ရှိအခြေအနေ၌ ခရီးသည်တင်ယာဉ်များအား မြို့တွင်းလမ်းမဘေးများတွင် ယာယီဂိတ်ဖွင့်လှစ်ထားရာ ခရီးသည်များ အတင်အချပြုလုပ်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် လူနှင့်ယာဉ်အန္တရာယ် စိုးရိမ်နေရကြောင်းသိရပြီး ယခုကားလေးဝင်းသီးသန့်ဖွင့်လှစ်ခြင်းဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း ယာဉ်ကြောပိတ်ဆို့မှု၊ လူနှင့်ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အား များစွာ အထောက်အကူပြုသွားမည်ဖြစ်ပြီး ခရီးသည်တင်/ချပြုလုပ်ရာတွင်လည်း စနစ်တကျဖြစ်သွားမည်ဟု ဦးလာလ်ပက်လောမ်က ဆက်ပြောသည်။

ယခုဖွင့်လှစ်သော ကားလေးဝင်းသည် ခရီးသည်တင်ကားများအတွက်သာဖြစ်သောကြောင့် ကုန်တင်ကားများ ရပ်နားထားမည့် နေရာကိုလည်း လောလောဆယ် မရှိသေးသည့်အတွက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ရိခေါဒါရ်မြို့မှ ကလေးမြို့သို့ပြေးဆွဲသည့် ကုန်စည်နှင့်ခရီးသည်တင်ယာဉ်လိုင်း ကားဂိတ်များဖြစ်သည့် ရွှေနယ်စပ်၊ ရွှေလွင်ပြင်၊ ပြည့်အားမာန်၊ ပန်းချယ်ရီ၊ ဒီကိုင်းနန်း၊ ဖိုင်ဇောင်း၊ ချင်းတောင်တန်း၊ ဇလပ်ဖြူ၊ ဇလပ်မြေနှင့် ပြည်ချစ်သား စသည့်ကားဂိတ် (၁၀) ခုနှင့် ဖလမ်းမြို့သို့ ပြေးဆွဲသည့် ဖလမ်းသားကားဂိတ်၊ ငြိမ်းချမ်းရေးကားဂိတ် (၂) ခု၊ စုစုပေါင်း ယာဉ်လိုင်းကားဂိတ် (၁၂) ခုရှိသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...