ခိုင်ကမ်းမြို့ မြို့မဘောလုံးကွင်းတည်ဆောက်မှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူများ မကျေနပ်

ခိုင်ကမ်းမြို့ မြို့မဘောလုံးကွင်းတည်ဆောက်မှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူများ မကျေနပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ မြို့မဘောလုံးကွင်းအသစ်တည်ဆောက်ရာတွင် ငွေကြေးများစွာကုန်ကျခြင်းနှင့် တည်ဆောက်မှုပုံစံသည် ကစားသမားများအတွက် ဘေးကင်းလုံခြုံမှုမရှိဟုဆိုကာ ဒေသခံပြည်သူများက မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး အမှတ် (၁) အုပ်ချုပ်ရေးမှူး ဦးလျန်ဒါးလ် ကိုမေးမြန်းသည့့်အခါ “ကုမ္ပဏီက တည်ဆောက်မှုလုပ်ငန်း အကုန်ပြီးစီးပြီးမှ လာကြည့်ဖို့ပြောတယ်၊ သွားကြည့်တော့ ကွင်းပတ်ပတ်လည်ကွန်ကရစ်ဘောင်လုပ်တာကလည်း ဂိုးတိုင်ကနေ ၄ ပေလောက်အကွာလောက်မှာ လုပ်ထားတော့ ကစားသမားတွေအတွက် မတော်တဆထိခိုက်နိုင်တယ်၊ ဒီအကြောင်းအရာကို ကုမ္ပဏီကိုတင်ပြတော့ ပြည်နယ်အစိုးရနှင့် သဘောတူထားတဲ့အတိုင်း သူတို့လုပ်တာပါလို့ပြောတယ်၊ အားကစားကွင်း မြေပြင်ကိုလည်း ညီညီလေးဖြစ်အောင် လုပ်ပေးပါလို့ပြောတော့လည်း စာချုပ်ထဲမှာမပါဘူးလို့ ပြန်ပြောကြတယ်။ ဒါ့အပြင် ဘောလုံးကွင်းတည်ဆောက်မယ့် ပုံစံကြမ်းကိုလည်း မကြည့်ရသလို အားကစားကွင်းတည်ဆောက်တဲ့ ကုန်ကျစရိတ်စာရင်းကိုလည်း တောင်းလို့မရဘူး” ဟုပြောသည်။

၄င်းအပြင် ခိုင်ကမ်းမြို့ အမှတ် (၃) အုပ်ချုပ်ရေးမှူး ဦးခင်ပုမ့် ကလည်း “အားကစားကွင်း တည်ဆောက်အပြီးမှာ ကုမ္ပဏီတွေရဲ့ လုပ်ငန်းကိုကြည့်ရှု့ဖို့ အသိပေးလာပါတယ်၊ သွားရောက်ကြည့်ရှုဖို့ တာဝန်တော့ပေးပါတယ်၊ ဒါပေမယ့် သွားကြည့်တဲ့အချိန်မှာ သူတို့လုပ်ငန်းပြီးစီးနေပြီ၊ ဒါကြောင့် ဘာမှမတတ်နိုင်တော့ဘူး” လို့ပြောပါသည်။

အားကစားကွင်းအသစ်တည်ဆောက်ခြင်းနဲ့ပတ်သက်ပြီး ခိုင်ကမ်းမြို့စည်ပင်မှ EO, ဦးဇင်ကျုံးထောင် အား ခိုနှုမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ပြည်နယ်အစိုးရနှင့် မိမေတ္တာကုမ္ပဏီတို့ နှစ်ဦးကြားဖြစ်သည့်ကိစ္စဖြစ်တဲ့အတွက် သူအနေဖြင့် ဘာတစ်ခုမှ မသိရှိကြောင်း ပြောသည်။

မိမေတ္တာကုမ္ပဏီမှ ဦးကန်ခြားကိုမေးမြန်းသည့်အခါ “ပြည်နယ်အား/ကာမှာတင်ဒါတင်ရတယ် တင်ဒါတင်လို့တင်ဒါအောင်တဲ့အခါ စာချုပ်ချုပ်ရတယ် စာချုပ်မှာ ဘောလုပ်ကွင်းလုပ်ရမယ်၊ ပွဲကြည့်စင်လုပ်ရမယ် အဲဒီအတွက် ကျပ်သိန်း (၃၀၀) နဲ့ တင်ဒါခေါ်တယ် ကျွန်တော်တို့က (၂၉.၄၈) သန်းနဲ့ တင်ဒါအောင်တယ် ဆောက်လုပ်ချိန် (၂) လကျော်ကြာတယ်” ဟု ခေါနှုမ်းသုန်သတင်းဌာနကို ရှင်းပြပါသည်။

ယင်းဆောက်လုပ်သည့် အချိန်တွင် ကြုံတွေ့ရသည့့်အခက်အခဲနှင့်ပတ်သက်ပြီး “ဘောလုံးကွင်းပုံစံက အရှေ့၊ အနောက်ဖြစ်နေတယ် တကယ့်တကယ်က တောင်၊ မြောက် ဖြစ်ရမှာလေ ကျွန်တော်တို့က ပြေးလမ်းလည်းထည့်ချင်တာလေ ဒါပေမယ့် မြေနေရာကမရှိဘူး ဒါကအကုန်ပဲ ကွင်းပတ်ပတ်လည်” ဟု ဆက်ပြောပါသည်။

ဆက်လက်ပြီး “ကွန်ကရစ်ဘောင်လုပ်တဲ့အခါမှာလည်း မြေနေရာကမရှိတော့ ကွင်းကနေ (၅) ပေအကွာမှာပဲ လုပ်လိုက်ရတယ် ကွင်းချောအောင်ဆိုလို့ရှိရင် သဲနှုံးမြေကို နောက်ထပ် (၆) လက်မအထူလောက် ထပ်ခင်းရမှာ ဒါပေမယ့် အဲဒါက ပရောဂျက်ထဲမှာမပါဘူးလေ နောက်ပြီး ပထမတုန်းကတော့ ကွင်းအသစ်ဖော်ဆောင်ဖို့အတွက်လို့ပဲလာတယ် နောက်ပိုင်း စာချုပ်ချုပ်တဲ့အချိန်ကျတော့ ချဉ်းကပ်တုန်းထည့်မယ် ပွဲကြည့်စင်ဆောက်မယ်ဆိုတော့ တကယ့်တကယ်တွက်ကြည့်လိုက်ရင် ဘတ်ဂျက် (၃၀၀) နဲ့မလောက်ဘူးလေ ဘောလုံးကွင်းအသစ်တည်ဆောက်မယ့် ပုံစံကြမ်း ကျွန်တော်တို့မှာမရှိဘူး ကွင်းအဟောင်းပုံစံပဲရှိတယ် စာချုပ်ကတော့ ကျွန်တော်တို့မှာရှိတယ် အချိန်မရွေးပြလို့ရပါတယ် ကွင်းတည်ဆောက်တဲ့အကုန်အကျကိုလည်း အချိန်မရွေးထုတ်ပြလိုရပါတယ်” ဟု ဦးကန်ခြားကပြောပြပါသည်။

ခိုင်ကမ်းမြို့မအားကစားကွင်းတည်ဆောက်သည့် ဘတ်ဂျက်နှင့်ပတ်သက်၍ ဒေသခံပြည်သူများ၏ပြောပြချက်အရ ကျပ်ငွေ သိန်း (၂၈၀) ခန့်ဖြစ်သော်လည်း ကုန်ကျစရိတ်မှာ ကျပ်ငွေသိန်း (၁၅၀) ဝန်းကျင်ခန့်သာကုန်ကျမည်ဟု သုံးသပ်ကြသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...