ကလေးတက္ကသိုလ်မြေနေရာတိုင်းတာမှုအပေါ် အရပ်ဖက်အဖွဲ့အစည်း (၃၀) ကျော်ကန့်ကွက်

ကလေးတက္ကသိုလ်မြေနေရာတိုင်းတာမှုအပေါ် အရပ်ဖက်အဖွဲ့အစည်း (၃၀) ကျော်ကန့်ကွက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာအတွင်းမှ မြေဧက (၃၀၀) ကျော်ကို ကလေး တက္ကသိုလ်မြေနေရာအဖြစ်လွှဲပြောင်းပေးနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုအပေါ် အရပ်ဖက်လူ မှုအဖွဲ့အစည်း (၃၉) ဖွဲ့က ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့ကစ၍ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းမှ ကလေးတက္ကသိုလ်နယ်မြေအဖြစ် ပြောင်းလဲအသုံးပြုရန်အတွက် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်သော မြေဧရိယာ ၃၀၈ ဒသမ ၅၆ ဧကကို ခိုင်ကမ်းမြို့ အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ တီးတိန်မြို့နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခိုင်ကမ်းမြို့၊ နယ်မြေတာဝန်ခံ မြေတိုင်း-၄ ဦးဆွင်းခန့်စိန်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ တာဝန်ခံ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများနှင့် ခိုင်ကမ်းမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းတိုင်းတာခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းနှင့် ချင်းကျောင်းသားအဖွဲ့အစည်းများမှ စက်တင်ဘာ (၁၇) ရက်နေ့က ကလေးမြို့ Youth Center ခန်းမတွင် သတင်းစာရှင်းပွဲတစ်ရပ်ကျင်းပပြုလုပ်ပြီး ယခုကဲ့သို့ ကန့်ကွက် လိုက်ကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးဖြစ်ကာလတွင် ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များပြုလုပ်ခြင်းသည် လူမျိူးရေးမုန်းတီးရေးအပါအဝင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့်လုပ်ရပ်များမလုပ်ကြရန် နှင့် ကလေးတက္ကသိုလ်အဖြစ်မှ နဂိုမူလအမည်ဖြစ်သော ခိုင်ကမ်းတက္ကသိုလ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။

ရပ်ရွာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့မှ ခေါင်းဆောင် GS mang က “ ပထမရည်ရွယ်ချက်က ကျွန်တော်တို့ သမိုင်းကိုပြန်လှန်ခဲ့လို့ရပါတယ် ချင်းပြည်နယ်က တက္ကသိုလ်မရှိဘူး ကောလိပ်လည်းမရှိဘူး အဲဒီတော့ ကျွန်တော်တို့ချင်းပြည်နယ် နယ်နိမိတ်နဲ့လည်းကျတယ် ကျွန်တော်တို့ကလေးကဘော်ဒေသဖက်က ကျောင်းသားလူငယ်တွေကလည်း ပညာသင်ယူလို့ရမယ် တောင်ပေါ်ဘက်က ချင်းပြည်သူတွေကလည်း လာရောက်ပြီးတော့သင်လို့ရမယ့်နေရာမျိုး ကျွန်ုပ်တို့ချင်းပြည်နယ်အပိုင်ထဲက မြေပြန့်ဒေသမှာ တည်ဆောက်ကျမယ်ဆိုတဲ့ရည်ရွယ်ချက်နှင့်သူတို့ ပထမက ခိုင်ကမ်းမြို့အမည်နဲ့ စပြီးဆောက်ခဲ့တာပါ၊ ခိုင်ကမ်းကောလိပ်ကနေတဆင့် ချင်းကောလိပ်ကိုပြောင်းလာပါတယ် နောက်တဆင့် ဖွင့်ပွဲနားနှီးခါကျမှ ကလေးကောလိပ်ဆိုပြီး အမည်တပ်ပြောင်းလိုက်တာရှိပါတယ် ဆိုတော့ အာဏာရှင်ခေတ်ဖြစ်တဲ့ခါကြတော့ ပြည်သူလူထုမှာလည်း ကြိုပြီးသိလိုက်ရတာမရှိဘူး ပြန်ဆွေးနွေးလို့ ပြန်တောင်းဆိုလို့ရတဲ့ခေတ်မရှိတော့ဘူး၊ အဲဒီတော့ ကလေးတက္ကသိုလ်နာမည်ကိုတော့ ကျွန်တော်တို့ ခိုင်ကမ်းတက္ကသိုလ််နာမည်အဖြစ်နဲ့တော့ ရအောင်ရတဲ့လမ်းနဲ့ လွှတ်တော်နည်းလမ်နဲ့ သော်လည်းကောင်း ပြည်သူလူထုလုပ်ရှားမှုသော်လည်းကောင်း ပြန်ကြိုးစားရပါမယ် ဒါကကျွန်တော်တို့ရဲ့ ဖြစ်ခဲ့တဲ့ နဂိုမူလကိုဖော်ထုတ်ရခြင်းဖြစ်ပါတယ်” ဟု သူကပြောသည်။

ကလေးတက္ကသိုလ်နယ်မြေသည် စုစုပေါင်း (၃၅၈) ဧကရှိသည့်အနက် ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းမှ ကလေးတက္ကသိုလ်နယ်မြေအဖြစ် လွှဲပြောင်းအသုံးပြုရန် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်သည့် (၃၀၈.၅၆) မှာ ကလေးတက္ကသိုလ်အတွက် မြေပိုင်ဆိုင်မှု အထောက်အထားမရှိသေးသဖြင့် ကူညီဆောင်ရွက်ပေးရန် ကလေးတက္ကသိုလ်က ဇူလိုင်လ (၂၃) ရက်နေ့စွဲဖြင့် တီးတိန်မြို့နယ်သို့ အကူအညီတောင်းခဲ့သည့်အတွက် ယခုကဲ့သို့ တို််င်းတာခဲ့ကြခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် စိုက်၊မွေး၊သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်မှ “ ဒါကနယ်နမိတ်ကိစ္စဖြစ်တယ် နယ်နိမိတ်ကိစ္စကို ပြည်ထောင်စုကနေပြီးတော့ ပြန်လည်ပြီးတော့ မှတ်တိုင်တွေ ဘုတ်တိုင်တွေပြန်လုပ်ဖို့တင်ပြထားတယ် ကလေးတက္ကသိုလ်က ဒါကို မြေလွှဲကိစ္စ၊ ဂရမ်ကိစ္စလုပ်ချင်ရင် ဒါကလည်း ကလေးတက္ကသိုလ်က တိုက်ရိုက်လုပ်လို့မရဘူး ပြည်ထောင်စုကနေပြီးတော့ ချင်းပြည်နယ်အစိုးရကို ညှိနှိုင်းပြီးလာဆောင်ရွက်မှ တရားဝင်ဖြစ်မယ်” ဟု ပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအကြား မပြီးပြတ်သေးသည့် နယ်နိမိတ်အရေးကို သမိုင်းကြောင်းမှန်နှင့် အညီ မှန်ကန်တိကျစွာ ပြန်လည်ဖော်ထုတ်ရေးဆွဲပြီးမှသာလျင် လက်ရှိ ကလေးတက္ကသိုလ်ပိုင်မြေနေရာ ဂရမ်ရေးဆွဲမှုကိုဆောင်ရွက်သင့်သည်ဟု ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...