မွန်ပြည်နယ် မြို့ဝင်ကြေးဂိတ်များရုပ်သိမ်းပေးရန်အဆို မဲခွဲရှုံးနိမ့်

မွန်ပြည်နယ် မြို့ဝင်ကြေးဂိတ်များရုပ်သိမ်းပေးရန်အဆို မဲခွဲရှုံးနိမ့်
သထုံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ(ဓါတ်ပုံ -Aung Kyaw Thu/Facebook)
သထုံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ(ဓါတ်ပုံ -Aung Kyaw Thu/Facebook)

ကျင်းပဆဲ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ သထုံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ တင်သွင်းသော “မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများရုတ်သိမ်းပေးရန် တိုက်တွန်းကြောင်း” အဆို ယနေ့ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ ၁၀ မဲ၊ ကန့်ကွက် ၁၆ မဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။

“မွန်ပြည်နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံနေတဲ့ မြို့ဝင်ကြေးကောက်ခံသည့်ဂိတ်စခန်းများအား ရုပ်သိမ်းပေးရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း အဆိုအား မွန်ပြည်နယ် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်မှ ကန့်ကွက်ဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်မှ မဲခွဲဆုံးဖြတ်ရာ အဆို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူများအား လေးစားစွာအသိပေး တင်ပြအပ်ပါသည်” ဟု ဦးအောင်ကျော်သူ၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

၄င်းအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာခင်နိုင်ဦး၊ ဦးဇော်ဇော်ထူး၊ ဦးမင်းထင်အောင်ဟန်နှင့် ဦးထွန်းမင်းအောင်တို့အပြင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ ဒေါက်တာအောင်နိုင်ဦးတို့ ထောက်ခံဆွေးနွေးခဲ့ကြသော်လည်း မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင် ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ရောက် သတင်းထောက်တစ်ဦးက ပြောသည်။

“လက်ရှိ တစ်နိုင်ငံလုံးအခြေအနေများအရ တစ်ချို့သောတိုင်းဒေသကြီးများနှင့် ပြည်နယ်များမှာ နဂိုမူလမှ မြို့ဝင်ကြေးကို ကောက်ခံခြင်းမရှိသလို ဥပဒေအရ မြို့ဝင်ကြေးကောက်ခံခဲ့ကြပါသော်လည်း လူထုများရဲ့တောင်းဆိုတင်ပြချက်အရ ဖြစ်စေ၊ ကောက်ခံရမည့်အခြေအနေများမှာ ခက်ခဲမှုဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်စေ ပြန်လည်ရုပ်သိမ်းဖယ်ရှား ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်” ဟု ဦးအောင်ကျော်သူ၏ အဆိုတွင် တင်ပြခဲ့သည်။    

မွန်ပြည်နယ်အစိုးရအနေဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်သာမက စည်ပင်သာယာရေးနယ်နိမိတ်ရှိ မြို့အဝင်ဂိတ်များ၌ မော်တော်ယာဉ်တစ်စီး ၂၀၀ ကျပ်နှုန်း ကောက်ခံလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၇/ ၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်မြို့ဝင်ကြေးဂိတ်များမှ ငွေကျပ်သိန်းပေါင်း ၁ သောင်း ၄ ထောင်ကျော် ကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရရုံးမှ သိရှိရသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...