ရှမ်းပြည်နယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ၁၀ တန်းကျောင်းသား ၃၀ ကျော်ရှိ

ရှမ်းပြည်နယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ၁၀ တန်းကျောင်းသား ၃၀ ကျော်ရှိ
by -
နန်းဆိုင်ဖူး
SNLD ပါတီပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းမျိုးမြင့် အားသျှမ်းသံတော်ဆင့်မှ တွေ့ဆုံမေးမြန်းနေစဉ်
SNLD ပါတီပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းမျိုးမြင့် အားသျှမ်းသံတော်ဆင့်မှ တွေ့ဆုံမေးမြန်းနေစဉ်

သျှမ်း(ရှမ်း)ပြည်နယ်အတွင်းရှိ အကျဉ်းကျနေသော တက္ကသိုလ်ဝင်တန်း (ဒဿမတန်း ) ကျောင်းသား ၃၄ ဦးရှိသည့် အနက် ၁၆ ဦး မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုမည်ဖြစ်ကြောင်း ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့တွင် သျှမ်းပြည်နယ် လူမှုရေးဝန်ကြီး က လွှတ်တော်တွင်း ဖြေဆိုခဲ့သည်။

စက်တင်ဘာ ၁၈ ရက်နေ့ မိုးနဲမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းမျိုးမြင့် က ကြယ်ပွင့်ပြ မေးခွန်းအဖြစ် သျှမ်းပြည်နယ်အတွင်း အကျဉ်းကျနေသော ဒဿမတန်းကျောင်းသားများ မည်မျှရှိကြောင်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးမှု ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့သည်။

“ကလေးတွေရဲ့ ပညာရေးလမ်း မပိတ်စေချင်တဲ့ ရည်ရွယ်ချက်ပါ။ ထောင်ထဲရောက်တာနဲ့ ကိုယ့်ဘဝ ကိုယ့်ပညာရေးလမ်း မဆုံးစေချင်ဘူး။ ဆက်လက်ကြိုးစားစေချင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်လဲ နိုင်ငံရေးအကျဉ်းသားလေ။ အဲ့ထဲမှာ စာဖတ်ခွင့်မရှိတာ တအားနစ်နာတယ်။ စာဖတ်ခွင့်မရှိဘူး ဘောပင်ကိုင်ခွင့်မရှိဘူး။ တွေ့ရင်ရိုက်တယ်၊ ဒိုက်ထိုးခိုင်းတယ်။ ၁၉၉၁ ကနေ ၁၉၉၉ ထိ ထောင်ထဲ နေခဲ့တယ် အဲ့နှစ်တွေမှာ စာလဲ မရေးရဘူး၊ စာလဲ မဖတ်ရဘူး ။ အဲ့ဒါကို တော်တော်စိတ်ခံစားရတယ်။ ခုက ကလေးတွေ စာမေးပွဲဖြေခွင့်ရတယ် ဆိုတာ အင်မတန်ကောင်းတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာ” ဟု ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးခဲ့သည့် ကျားခေါင်းပါတီ လွှတ်တော်အမတ် ဦးစိုင်းမျိုးမြင့် ကပြောသည်။

အကျဉ်းဦးစီးဌာန သျှမ်းပြည်နယ် ဦးစီးရုံးကွပ်ကဲမှုအောက်ရှိအကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျနေသည့် တက္ကသိုလ်ဝင်တန်း အကျဉ်းသား/သူမှာ ညောင်ရွှေ အကျဉ်းထောင်တွင် ၁၉ ဦး၊ ကျိုင်းတုံ အကျဉ်းထောင်တွင် ၄ ဦး၊ လားရှိုးအကျဉ်းထောင်တွင် ၁၀ ဦး နှင့် သီပေါအကျဉ်းထောင်တွင် ၁၀ ဦး စုစုပေါင်း ၃၄ ဦးရှိပြီး ၄င်းတို့အနက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ညောင်ရွှေမှ ၉ ဦး၊ ကျိုင်းတုံမှ ၄ ဦး၊ လားရှိုးမှ ၂ ဦး နှင့် သီပေါမှ ၁ ဦး စုစုပေါင်း ၁၆ ဦး ရှိကြောင်း သျှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကပြောသည်။

“ပထမအကြိမ်ပဲ ဒီသျှမ်းပြည်နယ်မှာ အကျဉ်းကျနေတဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား/သူ စာမေးပွဲဖြေဆိုခွင့်ရတာ” ဟု ဦးစိုင်းမျိုးမြင့် ကပြောသည်။

၂၀၁၈ -၂၀၁၉ ပညာသင်နှစ်မှာ သျှမ်းပြည်အတွင်း အကျဉ်းကျသည့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူ ၁၆ ဦးသည် ရန်ကုန် အင်းစိန်ဗဟိုထောင် နှင့် မန္တလေးဗဟိုအကျဉ်းထောင်တို့တွင် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...