ချင်းပြည်နယ် ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် အမဲနှင့် ဝက်လုပ်ငန်း (သားသတ်လိုင်စင်) လေလံရောင်းချပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ရာ ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိသောကြောင့် တင်ဒါအောင်မြင်သူမရှိ ဖြစ်ခဲ့ရသည်ဟု သိရသည်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အမဲလိုင်စင်ကြမ်းခင်းစျေးမှာ ကျပ် ၁၃၀ သိန်း ဖြစ်ပြီး ဝက်လိုင်စင် ကြမ်းခင်းစျေးမှာ ကျပ် ၁၁၀ သိန်း ဖြစ်သည်ဟု သိရသည်။
“ လျှောက်ထားတဲ့သူက ၃ ယောက်ရှိတယ် အဓိကတော့ ကြမ်းခင်းစျေးက များနေတော့ မနိုင်ကြတာပေါ့နော်၊ သူတို့အတွက် မကိုက်နိုင်ဘူးဆိုပြီး မလျှောက်နိုင်ကြတာပါ’’ ဟု ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးဇိန်ကျုံးထောင်ကပြောသည်။
အဆိုပါလုပ်ငန်းလိုင်စင်များကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ပထမအကြိမ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နောက်ဆုံးကြိမ်အဖြစ် လေလံရောင်းချပွဲပြုလုပ်သော်လည်း သတ်မှတ်ကြမ်းခင်းစျေးအတိုင်း လျှောက်ထားနိုင်သူမရှိသည့်အတွက် လမ်းညွန်မှုပေးနိုင်ရန် အထက်သို့တင်ပြထားသည်ဟု ဦးဇိန်ကျူံးထောင်းကပြောသည်။







