သတင်းအချက်အလက်များထုတ်ပြန်နိုင်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ တရားဝင် ဝဘ်​ဆိုက်ထားရှိမည်

သတင်းအချက်အလက်များထုတ်ပြန်နိုင်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့မှ တရားဝင် ဝဘ်​ဆိုက်ထားရှိမည်

သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ တရားဝင် ဝဘ်​ဆိုက်(website)ထားရှိရန် စီစဉ်နေကြောင်း ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့က ချင်းပြည်နယအစိုးရအဖွဲ့နှင့် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်၊ ချင်းမီဒီယာ ကွန်ယက်နှင့် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့တို့ တွေ့ဆုံခဲ့သည့်အချိန်တွင် သတင်းအချက်အလက် သိရှိပိုင်ခွင့်၊ ရယူပိုင်အရေးနှင့်ပတ်သက်၍ တင်ပြချက်အပေါ် ဝန်ကြီးဦးစိုးထက်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ချင်းပြည်နယ်အစိုးရအနေနဲ့ သတင်းထုတ်ပြန်တဲ့နေရာမှာ အရင်တုန်းတော့ ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်ကို တာဝန်ပေးထားပါတယ်၊ ဒါပေမယ့် သူက အခုတော့ အနားယူသွားပါပြီး အခု ကျနော့ကို ပြည်နယ်အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ပေးထားပါတယ်၊ ကျနော် အစိုးရအဖွဲ့ထဲရောက်တာ ၃ လဘဲရှိပါသေးတယ်၊ လေ့လာနေတဲ့ကာလလည်းဖြစ်ပါတယ်၊ တရားဝင် website ကိုလည်း ကျနော်တို့ထားရှိဖို့ စီစဉ်နေပါတယ်၊ အဲဒီအတွက်လည်း ဘတ်ဂျက်တွေရာထားပြီးတော့ ဆောင်ရွက်နေတဲ့ကာလလည်းဖြစ်ပါတယ်၊ လူမှုကွန်ယက်မီဒီယာကနေလည်း ဒီထက်မက ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်’’ ဟု ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်၊ ချင်းမီဒီယာကွန်ယက်နှင့် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့တို့သည် “ချင်းပြည်သူ့အသံအားကောင်းလာစေရန်” ရည်ရွယ်ပြီး မသန်စွမ်းသူများအခွင့်အရေး၊ အမျိူးသမီးအခွင့်အရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရေး၊ သတင်းအချက်အလက်သိရှိ ပိုင်ခွင့်၊ ရယူပိုင်ခွင့်စသည့်ခေါင်းစဉ်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်တွင် စကားဝိုင်းဆွေးနွေးပွဲများပြုလုပ်ကာ ယင်းဆွေးနွေးပွဲမှထွက်ပေါ်လာသော အချက်များကိုစုစည်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ထံသို့ သွားရောက်တင်ပြခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် သတင်းစာရှင်းလင်းပွဲများကိုလည်း မကြာခဏဆိုသလို ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ကျင်းပသည့်အခါတွင်လည်း လွတ်လပ်သည့်သတင်းစာရှင်းလင်းပွဲဖြစ်ရန်ကြိုးစားဆောင်ရွက်ပေးမည်ဟု ဝန်ကြီးက ဆက်ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့် ယခင်က သတင်းစာရှင်းလင်းပွဲပြုလုပ်သည့်အချိန်တွင် ကြိုတင်ကန့်သတ်ချက်မျိူးရှိနေပြီး၊ သတင်းစာရှင်းလင်းပွဲပုံစုံမျိူးနှင့်မတူဘဲ အစိုးရ၏ လုပ်ငန်းဆောင်တာများ အစီရင်ခံ သည့် ပွဲမျိူးနှင့်တူနေသည်ဟု ချင်းမီဒီယာသမားများက ထောက်ပြခဲ့ကြသည်။

ဝန်ကြီးဦးစိုးထက်က “သတင်းစာရှင်းလင်းပွဲကိုလည်း ဝန်ကြီးချူပ်ရဲ့ ခွင့်ပြုချက်နဲ့ လိုအပ်ရင် လိုအပ်သလို လုပ်သွားဖို့ရှိပါတယ်၊ လုပ်တဲ့နေရာမှာလည်း လွတ်လပ်တဲ့သတင်းစာရှင်းလင်းပွဲဖြစ်ဖို့ ကြိုးစားဆောင်ရွက်ပါမယ်၊ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတုန်းကတော့ မှန်တန်တဲ့အချက်အလက်တွေနဲ့ဖြေကြားလို့ရရင်အောင်ဆိုပြီး မေးခွန်းတွေကို ကြိုတင်တောင်းဆိုခဲ့တာဖြစ်ပါတယ်’’ ဟု ပြောသည်။

ထို့အပြင် ချင်းပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အဆင့် ကြော်ငြာခွင့်ရသည့် လုပ်ငန်းဆိုင်​ရာ ကြော်ငြာကဏ္ဍများကို ချင်းမီဒီယာများထံ ကြောငြာထည့်သွင်းနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်ပေးမည်ဟု ဝန်ကြီးကဆက်ပြောသည်။

သြဂုတ်လ (၃၀) ရက်နေ့က ပြုလုပ်သည့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးစိုးထက်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လူမှုရေးဝန်ကြီး ပေါင်လွန်မင့်ထန် အပါအဝင် ဌာနဆိုင်ရာအကြီးအကဲ( ၅ ) တို့တက်ရောက်ခဲ့ပြီး ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်၊ ချင်းမီဒီယာကွန်ယက် နှင့် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့တို့မှ တာဝန်ရှိသူ (၁၂) ဦးတက်ရောက်ခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲတွင် မသန်စွမ်းသူများအခွင့်အရေး၊ အမျိူးသမီးအခွင့်အရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရေး၊ သတင်းအချက်အလက်သိရှိ ပိုင်ခွင့်၊ ရယူပိုင်ခွင့်ဆိုင်ရာ အကြံပြုချက် (၁၄) ချက်ကို တင်ပြခဲ့ကြပြီး ယင်းတင်ပြချက်အများစုကို အစိုးရဘက်မှ လက်ခံသဘောတူခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်သူ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်မှ Program Coordinator ဆလိုင်းယာကုတ်ထန် က ပြောပါသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...