(၂၂) ကြိမ်မြောက် လှေလှော်ပြိုင်ပွဲ ကျောက်ကလပ်တွင် စည်ကားစွာကျင်းပ

(၂၂) ကြိမ်မြောက် လှေလှော်ပြိုင်ပွဲ ကျောက်ကလပ်တွင် စည်ကားစွာကျင်းပ
by -
နန်းဝေဖြိုးဇာ

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲနှင့်အတူ (၂၂)ကြိမ်မြောက် ရိုးရာလှေလှော်ပြိုင်ပွဲကြီးကို ကရင်ပြည်နယ် အထင် ကရနေရာဖြစ်သည့် သမိုင်းဝင်ဆံတော်ရှင်ရှိရာ ကျောက်ကလပ်၌ ယမန်နေ့ စက်တင်ဘာ ၃ ရက်နေ့တွင်  စည်ကား စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လှေလှော်ပြိုင်ပွဲကို ကျောက်ကလပ်တွင် ကျင်းပသည့် ဝါခေါင်လ ကရင်ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင် နှစ်စဉ် ထည့်သွင်းကျင်းပခြင်းဖြစ်ကာ  ယခင်နှစ်ထက် ဝင်ရောက်ယှဉ်ပြိုင်သည့် အဖွဲ့ ပို၍များလာသည့်အတွက် ပိုမိုစည် ကားစွာကျင်းပနိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ကျောက်ကလပ်ကျောင်းဆရာတော် ဦးဝိမလက“ လှေလှော်ပြိုင်ပွဲကျင်းပတာက စည်းလုံးမှှု တစ်ခုကိုပြသတာ ဖြစ်တယ်။ ဒီပြိုင်ပွဲက နှစ်စဉ်ကျင်းပပေးတယ်။ ယခင်က လူသိနည်းတယ်။ အခုက တဖြည်းဖြည်းလူသိများလာ တော့ လာပြိုင်လာတဲ့လူများလာတယ်။ ကရင်လူမျိုးရဲ့အထိမ်းအမှတ်ပွဲမှာ ဒီလှေလှော်ပြိုင်ပွဲကို မပျောက်သွား အောင် နှစ်စဉ်ကျင်းပသွားမယ်”ဟု ကေအိုင်စီသို့ မြွက်ကြားသည်။

ယခုနှစ်ကျင်းပသည့် ရိုးရာလှော်ပြိုင်ပွဲမှာ ၅ တက်လှော်ပြိုင်ပွဲဖြစ်ရာ ယင်းပြိုင်ပွဲကို ကရင်ပြည်နယ် အားကစား နှင့်ကာယပညာဦးစီးဌာန (အားကာ)မှ တာဝန်ရှိသူများက ဒိုင်အဖြစ်ပါဝင်ကြီးကြပ်ပေးမှုဖြင့် အဖွဲ့ စုစုပေါင်း ၄၆ ဖွဲ့ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ထိုအထဲတွင် အမျိုးသမီးလှေလှော်ပြိုင်ပွဲဝင် ၆ဖွဲ့ ပါဝင်သည်ဟု သိရသည်။

ဖားအံမြို့နယ်၊ ယားသဝေါ်ရွာ အမျိုးသမီးလှေလှော်ပြိုင်ပွဲအဖွဲ့မှ ဟားမူး(ဒေါ်)ညားရွေ့က“ လှေလှော်ပြိုင်ပွဲက နှစ်ခါ ဝင်ပြိုင်ဖူးတယ်။ ဝါသနာအရလည်း ဖြစ်တယ်။ ကျေးရွာနာမည်ရဖို့အတွက်နဲ့နောင်လာနောင်သားအတွက် လုပ်ပေးချင်တာလည်းပါတယ်။ ၅ယောက်နဲ့ပြိုင်ရတယ်ဆိုတော့ ပန်းတိုင်ရောက်ဖို့ဆိုရင် လှော်တဲ့အခါမှာ အရှေ့နဲ့အနောက် အလေးချိန်ညီဖို့လိုတယ်လို့ ကျမတို့က အဲလိုခံယူထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့ကယှဉ်ပြိုင်သည့် ရိုးရာလှေလှော်ပြိုင်ပွဲတွင် ပထမဆု ၂ သိန်း၊ ဒုတိယဆု ၁၇၅,ဝဝဝ နှင့် တတိယဆု ၁၅ဝ, ဝဝဝ ဆုချီးမြှင့်ကာ ပထမဆုကို Old Star-1 ၊ ဒုတိယဆုကို ဒိုးထီ့ပိုင်(ဍောဟ်ထီ့ပါင်) အဖွဲ့၊ တတိယဆုကို စေတနာပျံလွှားအဖွဲ့တို့မှ ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။

ကရင်ပြည်နယ်အတွင်း လှေလှော် ပြိုင်ပွဲကြီးများကို နှစ်စဉ်ကျင်းပသည့် ကျောက်ကလပ် ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲ အပြင် အခြားသောနေ့ကြီးရက်ကြီးများတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြပြီး ၂၀၁၆ ခုနှစ်တွင် ပြည်နယ် အစိုးရမှ ဦးဆောင်ကာ  ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရိုးရာလှေလှော်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပမှုများလည်း ရှိခဲ့သည်။ 

 

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...