UNFC မှနှုတ်ထွက်ပြီး ဆက်စပ်အဖွဲ့အစည်းအဖြစ်သာ ပါဝင်လိုသည်ဟု မွန်ပြည်သစ်ဥက္ကဌပြော

UNFC မှနှုတ်ထွက်ပြီး ဆက်စပ်အဖွဲ့အစည်းအဖြစ်သာ ပါဝင်လိုသည်ဟု မွန်ပြည်သစ်ဥက္ကဌပြော
မွန်ပြည်သစ်ပါတီဥက္ကဌနှင့် မွန်သတင်းအေဂျင်စီအင်တာဗျူးစဉ်(photo:MNA)
မွန်ပြည်သစ်ပါတီဥက္ကဌနှင့် မွန်သတင်းအေဂျင်စီအင်တာဗျူးစဉ်(photo:MNA)

ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ UNFC တပ်ပေါင်းစုမှ နှုတ်ထွက်ပြီး ဆက်စပ်အဖွဲ့အစည်းအဖြစ်သာ ပါဝင်လိုသည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က မွန်သတင်းအေဂျင်စီနှင့် ယခုရက်ပိုင်းသီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

နိုင်ထောမွန်က “ကျနော်တို့က NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ဖြစ်တယ်၊ UNFC က လက်မှတ်မထိုးရသေးတဲ့အဖွဲ့၊ ကျနော်တို့ပါတီက ဒီလိုအနေအထားနှစ်မျိုးပေါ်မှာ ခက်နေရတာပါ၊ ကျနော်တို့က လက်မှတ်ထိုးပြီးဖြစ်တာမို့ လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေလို လိုက်နာဆောင်ရွက်ရပါတယ်” ဟု ဆိုသည်။

NCA လက်မှတ်မရေးထိုးသေးသည့် အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် တစုံတရာလိုက်နာဆောင်ရွက်စရာ မရှိသော်လည်း လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စာချုပ်ပါသဘောတူညီချက်အတိုင်း တာဝန်ခံရမည်ဖြစ်သည့်အတွက် မွန်ပြည်သစ်အနေဖြင့် တပ်ပေါင်းစုနှင့်ချိတ်ဆက်ဆောင်ရွက်ရာတွင် ချင့်ချိန်စရာများရှိလာသောကြောင့် UNFC မှ နှုတ်ထွက်ရမည့် အနေအထားသို့ ရောက်ရှိလာကြောင်း နိုင်ထောမွန်က ပြောသည်။

နိုင်ထောမွန်က “UNFC နဲ့ပတ်သက်ပြီး ကျနော်တို့နောက်ဆုံး ဆုံးဖြတ်ထားတာကတော့ ဆက်စပ်အဖွဲ့အစည်းအနေနဲ့ပဲ မွန်ပြည်သစ် ပါဝင်သွားမှာပါ၊ ဒါကို UNFC စဉ်းစားပေးပါလို့ ပြောထားပါတယ်၊ UNFC ညီလာခံကျရင် ကျနော်တို့တပ်ပေါင်းစုက နုတ်ထွက်မယ်၊ လောလောဆယ် ညီလာခံမကျင်းပဖြစ်သေးတော့ ကျနော်တို့ နုတ်ထွက်လို့မရသေးပါဘူး” ဟု ဆက်ပြောသည်။

သို့ရာတွင် UNFC ညီလာခံကျင်းပရန် လတ်တလောလျာထားချက် မရှိသေးကြောင်း၊ မည်သည့်အချိန်တွင် ညီလာခံကျင်းပမည်ကို မပြောနိုင်သေးကြောင်း အမည်မဖော်ပြလိုသော UNFC ဗဟိုအလုပ်အမှုဆောင်တစ်ဦးထံမှ ယနေ့တွင် မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

UNFC ဥက္ကဌနှင့်မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက “UNFC တပ်ပေါင်းစုကို ဆက်ပြီးထိန်းထားချင်သေးတယ်၊ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဖြေရှင်းတဲ့ကိစ္စတွေမှာ UNFC တပ်ပေါင်းစုက အခြေခံအားအကောင်းဆုံးဖြစ်တယ်၊ တနည်းအားဖြင့် NCA လက်မှတ်ထိုး ၈ ဖွဲ့နဲ့ရော မြောက်ပိုင်းဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ရင်းနှီးကျွမ်းဝင်စွာနဲ့ ဆက်နွယ်မှုရှိသလို ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ နိုင်ငံရေးပါတီတွေနဲ့လည်း အဆက်အသွယ်ရှိကြတယ်၊ တိုင်းရင်းသားအားလုံး အပြန်အလှန်နားလည်မှုရှိကြဖို့ အင်အားတွေတစ်စုတစ်စည်းတည်းဖြစ်ဖို့နဲ့ တစ်ခုတည်းသောအမြင် စုစည်းနိုင်ဖို့က UNFC အပေါ်အများကြီး မူတည်နေပါတယ်၊ ဒါကြောင့် UNFC အဖွဲ့ကို ခိုင်ခိုင်မာမာရှိစေလိုပြီး ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုအပ်တယ်လို့ မြင်တယ်” ဟု လွန်ခဲ့သည့် သြဂုတ်လပထမအပတ်က မွန်သတင်းအေဂျင်စီနှင့် အလားတူ သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်အဖြစ် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC နှင့် နုတ်ထွက်စာတင်ထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။

၂၀၁၁ ခုနှစ် တိုင်းရင်းသားလူမျိုးများညီလာခံကျင်းပခဲ့စဉ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် United Nationalities Federal Council-UNFC ကို စတင်ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်လပ် ရေးအဖွဲ့ KIO ၊ ကရင် အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ မွန်ပြည်သစ် ပါတီ NMSP ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PSLF/TNLA ၊ ‘ဝ’ အမျိုသားအစည်းအရုံး WNO နှင့် မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ ၁၂ ဖွဲ့တို့ ပါဝင်ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...