မွန်တစ်ပါတီအဖြစ်ပေါင်းစည်းနိုင်မှုကို မွန်ပြည်သစ်ပါတီဥက္ကဌ ဝမ်းမြောက်စွာကြိုဆို

မွန်တစ်ပါတီအဖြစ်ပေါင်းစည်းနိုင်မှုကို မွန်ပြည်သစ်ပါတီဥက္ကဌ ဝမ်းမြောက်စွာကြိုဆို

မွန်နှစ်ပါတီနှင့် မွန်နိုင်ငံရေးအင်အားစုများ သြဂုတ်လ ၃၁ ရက်နေ့က တစ်ပါတီအဖြစ်ပေါင်းစည်းနိုင်မှုကို ကြားသိရသည့်အတွက် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ဝမ်းမြောက်စွာကြိုဆိုလိုက်ကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။ 

နိုင်ထောမွန်က “မွန်တစ်ပါတီပေါင်းစည်းတဲ့သတင်းကြားသိရတဲ့အတွက် ကျနော်တို့ အလွန်ဝမ်းသာတယ်၊ ကျနော်တို့ပါတီသဘောထားက တရားဝင် ရွေးကောက်ပွဲဝင်တဲ့ မွန်နိုင်ငံရေးတစ်ပါတီက တစ်ပါတီပဲ ဖြစ်စေချင်တာပါ၊ ခုလိုပေါင်းစည်းသွားနိုင်တာကို ဝမ်းသာတယ်၊ ကြိုဆိုတယ်၊ သိပ်ကိုအားရတယ်၊ မွန်ပါတီပေါင်းစည်းရေး တိုးတက်လာတဲ့အတွက် မွန်တစ်မျိုးသားလုံး ဝမ်းသာကြလိမ့်မယ် ” ဟု ဆိုသည်။

ထို့အတူ မွန်အမျိုးသားတို့အတွက် နှစ်လရှည်ကြာ ကြိုးစားညှိနှိုင်း ဆောင်ရွက်လာခဲ့သော မွန်နိုင်ငံရေး(၂) ပါတီနှင့် မွန်နိုင်ငံရေးအင်အားစုများ ပေါင်းစည်းရေးအခြေအနေတိုးတက်လာဖြင့် မွန်တစ်မျိုးသားလုံးက ဝမ်းသာအားရ ကြိုဆိုကြမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုအားကို ဆထက်တပိုးကြိုးစားတည်ဆောက်ကြပြီး အမျိုးသားညီညွတ်ရေးဖြင့် အရာရာကိုဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ကြောင်း (၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ မွန်ပြည်သစ်ပါတီထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်ဟုလည်း ၄င်းကပြောသည်။

မွန်နှစ်ပါတီပေါင်းစည်းရေး အကောင်အထည်အဖော်မှုကော်မတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးအဖွဲ့တို့၏ ပေါင်းစည်းရေးသဘောတူညီကြပြီး မြို့နယ်အသီးသီးမှ ပါတီဝင်များဆန္ဒအရ ပါတီသစ်၏အမည်ကို “မွန်ပါတီ Mon Party ” အဖြစ် သတ်မှတ်လိုက်ကြောင်း အတွင်းရေးမှူးအဖွဲ့ဝင် နိုင်လယိတမက ပြောသည်။

“မွန်ပါတီ Mon Party အမည်သစ်မိတ်ဆက်ပွဲနဲ့ ပေါင်းစည်းရေးအခမ်းအနားကို ဒီစက်တာဘာ ၂၁ ရက်ကျရင် တော်ဝင်ဟင်္သာဟိုတယ် Royal Hinther Hotel မှာ ကျင်းပဖို့ စီစဉ်နေတယ်” ဟု နိုင်လယိတမက ဆိုသည်။

လက်ရှိပေါင်းစည်းမှုအရ မွန်နိုင်ငံရေးအင်အားစုများမှ ဗဟိုကော်မတီဝင် ၂၀ ဦး၊ ၄င်းအထဲမှဗဟိုအလုပ်အမှုဆောင် ၉ ဦးပါဝင်သဖြင့် မကြာမီနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်မည့် မွန်ပါတီတွင် ဗဟိုကော်မတီဝင် ၁၂၀ ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဝင် ၅၃ ဦးရှိလာသည်ကို တွေ့ရှိရသည်။

လက်ရှိ တရားဝင်ပါတီဖြစ်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် မွန်ပါတီ MP အဖြစ် မကြာမီ ပါတီအမည်ပြောင်းလဲသွားမည် ဖြစ်သည်။ 

သို့ရာတွင် ဥက္ကဌ မိသန်းရှင် ဦးဆောင်သည့် အမျိုးသမီး(မွန်) ပါတီအနေဖြင့် လက်ရှိမွန်ပါတီများပေါင်းစည်းမှုတွင် ပါဝင်နိုင်ခြင်းမရှိသေးပေ။

January 13, 2026
စစ်ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုမည်မဟုတ်သည့်အတွက်...
January 12, 2026
ဇန်နဝါရီ ၁၁ ရက်နေ့ ယမန်နေ့က မြို့နယ် (၅) မြို့နယ်တွင် ကျင်းပခဲ့သည့် အပိုင်း (၂) ရွေးကောက်ပွဲတွင်...
January 9, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ...
January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...