ဗိုလ်ချုပ်ဟောင်းများဦးစီးကာ ပါတီသစ်တည်ထောင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြ ထားသော “ အမျိုးသားနိုင်ငံရေးပါတီ ” တွင် ယခင်လွှတ်တော်ဥက္ကဋ္ဌဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ၊ လက်ရှိ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အမည်ပါဝင်လာခြင်း မရှိကြောင်း UEC မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်ကပြောသည်။
လွန်ခဲ့သည့်ရက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်ထံ ယခင်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဟောင်း ဗိုလ်ချုပ် (ငြိမ်း) ဦးစိုးမောင်ကဦးဆောင်ကာ ပါတီသစ်ကို တည်ထောင်ခွင့်ပြုရန်လျှောက်ထားခဲ့ပြီး သူရဦးရွှေမန်း ပါဝင်ကြောင်းသတင်းများထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။
“ စီစစ်နေပါတယ်။ (သူရဦးရွှေမန်းကိုရည်ညွှန်း၍) မပါပါဘူးခင်ဗျ” ဟု UEC ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင် ကပြောသည်။
သူရဦးရွှေမန်းကို မဇ္ဈိမကမေးမြန်းရာတွင် “ ပါတီထောင်နိုင်ငံရေးလုပ်မလား ” ဆိုသည့်မေးခွန်းနှင့် ပတ်သက်၍ “ နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားအတွက် လိုအပ်ပါက မည်သည့်ကိစ္စမဆို ဆောင်ရွက်ရန်အသင့်” ဟုပြောဆိုဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးကိုကိုနိုင်က “ အခုထောင်တဲ့ ပါတီနဲ့တော့ ဆက်စပ်မှုတော့မရှိပါဘူးဗျ။ (သူရဦးရွှေမန်းကို ရည်ညွှန်း၍) သူ့ဟာသူ သီးခြားဖြစ်မယ်ထင်ပါတယ်ဗျ။ ကာယကံရှင်ကတော့ပိုသိမှာပေါ့။ ကျွန်တော်ကြား သိရသလောက်တော့ ပါတီထောင်ဖို့အတွက်ဆိုပြီး ပြင်တာဆင်တာမျိုးလည်းမတွေ့ရဘူး” ဟု ဆိုသည်။
ယခုတင်ပြထားသည့် အမျိုးသားနိုင်ငံရေးပါတီအား ပါတီအသစ်စတင်လျှောက်ထားချိန်တွင် အနည်းဆုံး လူပုဂ္ဂိုလ် ၁၅ ဦး၏အမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းထားသော်လည်း ကျန်သူများ၏ စာရင်းကိုမူ ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ခြင်းမရှိသေးပေ။
“ ဆောင်ရွက်နေဆဲပေါ့နော်။ ကျွန်တော်တို့က ဒါတွေနဲ့ပတ်သက်လို့ လ.၀.က တို့ ပြည်ထဲရေးတို့လည်း မေးရသေးတာပေါ့နော်။ ပူးပေါင်းပြီး ဆောင်ရွက်ရတာကိုး။ သူတို့ဆီကပြန်လာတဲ့အခါမှ ကျွန်တော်တို့ လုပ်ရမှာပေါ့။ အဲ့တာတွေစောင့်နေတာ” ဟု UEC မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်ကပြောသည်။
ဗိုလ်ချုပ်ဟောင်းများ ဦးစီးကာ“ အမျိုးသားနိုင်ငံရေးပါတီ ” အမည်ဖြင့် ပါတီအသစ် တည်ထောင် မည်ဟု ကြားသိရပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးကျော်သူတို့ ပါဝင်သည်ဟုသာ သတင်းများအရသိရသည်။
ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ရေစကြိုမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည့်သူလည်းဖြစ်သည်။







