ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာအပိုင်း (၁၀) ရှိ နေအိမ်တစ်ခုတွင် အသက် (၁၆) နှစ်အရွယ် ဒဿမတန်း ကျောင်းသူတစ်ဦး နေအိမ်၌ အသတ်ခံခဲ့ရသည်ဟု လုံးခင်းရဲတပ်ဖွဲ့မှ အတည်ပြုသည်။
သြဂုတ်လ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က နေအိမ်၌ မိဘများ ရှိမနေချိန် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ပါးရိုက်ခံထားရမှုများအပါအဝင် နောက်စေ့တွင် ဓားထိုးသွင်းဒဏ်ရာများနှင့် ပြင်းထန်ဒဏ်ရာအချက် ၈ ချက်ဖြင့် အသတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
" တရားခံကို လိုက်စုံစမ်းနေပါပြီ။ သူသွားလာတတ်တဲ့ နေရာတွေ လိုက်နေပါပြီ။ ဒီလထဲမှာကို လူသတ်မှုက နှစ်ခု ရှိသွားပြီ "ဟု လုံးခင်းရဲစခန်းမှုး စိန်မြင့်ထွန်းက မဇ္ဇျိမသို့ ပြောသည်။
ဖားကန့်ဒေသ၌ မကြာခဏဆိုသလို လူသတ်မူများ ထူပြောလာခြင်းကြောင့် ဒေသနေ ပြည်သူများကြားတွင် စိုးရိမ်ခြောက်ခြားမှုများ ရှိနေကြသည်။
"ကျွန်တော်တို့ ဘဝတွေက မလုံခြုံတော့ဘူး။ လမ်းမှာဖြစ်တာ မဟုတ်ဘူး။ အိမ်အတွင်းထဲမှာဖြစ်တာလေ။ ဒီမှာနေရတာ လုံးဝမလုံခြုံတော့ဘူး။ ဒီမှာနေဖို့ လုံးဝ မစဉ်းစားတော့ဘူး။ ကျွန်တော်တို့ မိသားစု ဇာတိကို ပြန်တော့မှာပါ။ အရင်တုန်းကတော့ လုံခြုံပါတယ်။ အခုက လူပေါင်းစုံ ဘယ်ဝင်တယ် ဘယ်သူ ထွက်တယ် ဆိုတာလဲ မသိရတော့ဘူး။ တနေကုန်အလုပ်သွားရတယ်။ သမီးက ဆယ်တန်းတက်နေတာ နေမကောင်းမလို့ မနေ့ကမှ အိမ်ကိုပြန်ခေါ်လာတာ။ မနေ့ကခေါ်ခဲ့တယ် ဒီနေဖြစ်တယ်" ဟု အသတ်ခံခဲ့ရသည့် ကျောင်းသူ၏ ဖခင်ဖြစ်သူ ဦးစိုးမိုးအောင်က မဇ္စျိမကို ပြောသည်။
အဆိုပါ နေအိမ်အတွင်းသို့ ဝင်ရောက်၍ အသတ်ခံရမှု အပေါ် လုံးခင်းရဲစခန်း၌ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (ပ) နံပတ် ၁၂၂ / ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။







