ပါတီဝင်စာရင်း တင်ပြနိုင်ရန် အဆင်သင့်ပြင်ထားပြီး ဖြစ်ဟု ဦးကိုကိုကြီးဆို

ပါတီဝင်စာရင်း တင်ပြနိုင်ရန် အဆင်သင့်ပြင်ထားပြီး ဖြစ်ဟု ဦးကိုကိုကြီးဆို
by -
ဇေယျာမော်

ပါတီတည်ထောင့်ခွင့် ကျလာပါက တင်ပြရမည့် ပါတီဝင်များ စာရင်းကို ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ပြည်သူ့ပါတီအား ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“အခု ကော်မရှင်က အကြောင်းပြန်ကြားပြီဆိုတာနဲ့ နယ်တွေမှာ ကျွန်တော်တို့ပြင်ဆင်ထားပါတယ်။ သက်ဆိုင်ရာ နယ်အသီးသီးကနေပြီးတော့ ပါတီဝင်အင်အား စာရင်းစုဆောင်းဖို့အတွက်ပေါ့လေ။ အဲ့ဒါကိုအစောကြီးကတည်းက ကြိုပြီးတော့ စဉ်းစားထားပါတယ်။ အခု တရားဝင်ခွင့်ပြုချက်ရပြီဆိုတော့ စည်းရုံးရေးလုပ်ငန်း ၊ အမည် ၊ အလံတံဆိပ် တွေကို တရားဝင်သုံးစွဲခွင့်ရပြီပေါ့” ဟု  ဦးကိုကိုကြီးက ဆိုသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တည်ထောင်ခွင့်ရရှိပါက ရက်ပေါင်း (၉၀) အတွင်း ပါတီဝင် အင်အား တစ်ထောင် ပြသရမည်ဖြစ်သည်ဟု နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီအား နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ သြဂုတ်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ပါတီ၏ အမည်ကို ယခင်က ရှစ်လေးလုံးပြည်သူ့ပါတီ ဟု အမည်သတ်မှတ်ခဲ့သော်လည်း ကန့်ကွက်မှုများရှိနေခဲ့ခြင်းကြောင့် ယခုလို ပြည်သူ့ပါတီအဖြစ် အမည်အဖြစ်ပြောင်းလဲပြီး မှတ်ပုံတင်ရန်ကြိုးစားခဲ့ခြင်းလည်းဖြစ်သည်။

ပြည်သူ့ပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်ရရှိရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကတည်းက ကြိုးစားခဲ့ခြင်းလည်း ဖြစ်သည်။

ဦးကိုကိုကြီးအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထံမှတဆင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း NLD မှ ရွေးချယ်ခဲ့ခြင်းမရှိပေ။ ယင်းအတွက်ကြောင့် ၈၈ မျိုးဆက် ကျောင်းသားများ နိုင်ငံရေးအင်အားစုများ စုစည်းပြီး ပါတီတည်ထောင်ရန် ကြိုးစားခဲ့ခြင်းလည်းဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...