ရေဘေးသင့်ဒေသများအတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ကျပ်သိန်း ၄ ထောင်ကျော်လှူ

ရေဘေးသင့်ဒေသများအတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ကျပ်သိန်း ၄ ထောင်ကျော်လှူ
by -
မိုးမြင့်ဇော်

မြန်မာနိုင်ငံရှိ ရေဘေးသင့်ခဲ့သော ဒေသများအတွက်ကျပ် သိန်း ၄ ထောင်ကျော်ကို မြောက်ပိုင်း မဟာမိတ်အဖွဲ့ (FPNCC) မှ သြဂုတ်လ ၂၃ ရက်တွင် ပထမဆုံးအကြိမ် လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ ရေဘေးဒဏ်ခံစားနေရသည့် ဒေသများကို ကူညီရန်အတွက် ဆွေးနွေးတိုင်ပင် အလှူငွေ ကောက်ခံပြီး ငြိမ်းချမ်းရေးကော်မရှင်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း “၀” ပြည်နယ် လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က ပြောသည်။

 “နိုင်ငံရေးအရ အမြင်မတူတာတွေ ခဏထားပြီး လောလောလတ်လတ် ညီနောင်တိုင်းရင်းသားတွေ ခံစားနေရတဲ့ ရေဘေးဒုက္ခသည်တွေ အမြန်ဆုံးကူညီဖို့ သင့်တော်တယ်ဆိုပြီး FPNCC မှာ ဆွေးနွေးတိုင်ပင်ပြီး သဘောတူညီမှုရ ရှိကာ အလှူငွေကောက်ခံတယ်။ ရလာတဲ့ငွေ သိန်းလေးထောင်ကျော်ကို ဒီနေ့မနက် ၁၀ နာရီ ဝန်းကျင်မှာ ငြိမ်းချမ်းရေးကော်မရှင် လက်ထဲကို အပ်ခဲ့တယ်” ဟု ဦးညီရန်း က ပြောသည်။

အဆိုပါအလှူငွေ ကျပ်သိန်း ၄၃၆၀ ကျော်သည် အပစ်ရပ်လက်မှတ် မထိုးထားသည့်  ‘ဝ’အဖွဲ့ (UWSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရက္ခိုင်အဖွဲ့(AA) အစရှိသော မြောက်ပိုင်းလက်နက်ကိုင်  ၇ ဖွဲ့လုံးမှ  ထည့်ဝင်သည့် အလှူငွေဖြစ်သည်။

တိုင်းရင်းသားအချင်းချင်း အခက်အခဲဖြစ်ပါက အပြန်အလှန်ကူညီသည့် အစဉ်အလာဖြစ်ပေါ်ရေး ရည်ရွယ် ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့ ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်မှုများကြောင့်   ပြည်သူများအနေဖြင့်   ရေဘေးဒဏ်ကိုခံစားခဲ့ရပြီး သြဂုတ်လ ၃ ရက်အထိ စာရင်းများအရ စိုက်ပျိုးလယ်မြေဧက ၉သောင်းကျော်၊ အိုးအိမ်စွန့်ခွာရေဘေးဒုက္ခသည် ဦးရေ ၂သိန်းနီးပါးရှိခဲ့ကာ ရေဘေးကြောင့် ၁၆ ယောက်ကျော် အသက်ဆုံးရှုံခဲ့ရကြောင်း FPNCC ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ကို UWSA '၀' အဖွဲ့ က ဥက္ကဋ္ဌ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ရက္ခိုင့်အဖွဲ့ AA ၊ တအာဝ်းအဖွဲ့ TNLA ၊ မိုင်းလားအဖွဲ့ NDAA ၊ ကိုးကန့် အဖွဲ့ MMDAA ၊ ဝအမျိုးသားအစည်း အရုံး WNO တို့ ပါဝင်သည် ။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...