ချင်းပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်း တို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက်ကလေးငယ်များ လစဉ်ထောက်ပ့ံသည့်အစီစဉ်ကို ၂၀၁၉ ခုနှစ်ဇွန်လကစတင်၍ နိုင်ငံတော် ဘဏ္ဍာငွေ ဖြင့် ဆက်လက်အထောင်ထည်ဖော်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။
အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) ၏ ထောက်ပံ့မှုဖြင့် ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက် ၂ နှစ်အောက်ကလေးငယ်များကို ၂၀၁၇ ခုနှစ် ဇွန်လကစတင်ပြီး တစ်လ ကျပ်ငွေ ၁၅၀၀၀ ဖြင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
ယင်းထောက်ပံ့ပေးမှုအစီစဉ်သည် ၂ နှစ်စီမံကိန်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင်အဆုံးသတ်မည်ဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆက်လက်ပ့ံပိုးပေးသွားမည်ဟု လူမှုရေးဝန်ကြီးကပြောသည်။
“ ၂ နှစ်ပြီးတာနဲ့ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ဆောင်ရွက်နိုင်ဖို့ဆိုပြီး MoU ထဲမှာရေးထားတယ်၊ အခုလည်း ဘတ်ဂျတ်တော့ အကြမ်းဆွဲထားတယ် ၂၀၁၉ ဇွန်လကနေ စပြီးလုပ်ရမှာ’’ ဟု ဝန်ကြီးပေါင်လွန်မင်းထန်ကပြောသည်။
ချင်းပြည်နယ်ရှိ မိခင်နှင့်ကလေးများ ငွေကြေးပံ့ပိုးမှုအစီစဉ်အတွက် LIFT အဖွဲ့မှ ၂၀၁၇ - ၂၀၁၉ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ ပေးထားသည်ဟု သိရသည်။ ယခုအစီစဉ်သည် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် အကျိူးရှိကြောင်း၊ ရေရှည်ထောက်ပံ့မှုများလုပ်ဆောင်သင့်သည်ဟု လူမှုရေးဝန်ကြီးကပြောသည်။
“ ခုကျနော်တို့ထောက်ပံ့တာ ၆ ကြိမ်ရှိပြီးပေါ့နော် အဲဒီအတွင်းမှာတော့ တော်တော့ကို ကောင်းတယ်လို့ Feedback ပေးတဲ့လူတွေရှိပါတယ်၊ ကျနော်လည်း မျှော်လင့်ပါတယ် ဒီဟာကတော့ အကျိူးရှိမယ် ဒါပေမယ့် တောက်လျှောက်သွားမှ ပဲ မိခင်တွေ၊ ကလေးတွေကို တောက်လျှောက်ထောက်ပံ့နိုင်မှပဲ နောက် ၁၀ နှစ်လောက်ဆိုရ အကျိူးရလာဒ်တွေကတော့ ထွက်လာမှာပေါ့နော်” ဟု ဝန်ကြီးကပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် ယခုလက်ရှိတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂) နှစ်အောက်ကလေးငယ် စုစုပေါင်း (၂၀၆၀၀) ကို တစ်လ တစ်သောင်းခွဲနှုန်းဖြင့် နှစ်လတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိသည်ဟု သိရသည်။
အဆိုပါငွေကြေးထောက်ပံ့မှုအစီစဉ်နှင့်ပတ်သက်၍ Chin MCCT Baseline Report ဖြန့်ချီရေးအခမ်းအနားကို သြဂုတ်လ ၂၁ ရက်နေ့က နေပြည်တော် Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးပေါင်လွန်မင်းထန်ကိုယ်တိုင် တက်ရောက်ခဲ့သည်။







