အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိခေါ်ဒါရ် - ဇိုခေါထား နယ်စပ်ဂိတ်မှတဆင့် နှစ်နိုင်ငံဝင်ထွက်သွားလာနိုင်သည့် Border Pass ကဒ်များပြုလုပ်ပေးနေပြီဟု သိရသည်။
Border Pass ပြုလုပ်လိုသူများအနေဖြင့် ရိခေါဒါရဒ်မြို့ လ.၀.က ရုံးတွင် မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်းမိတ္တူ ယူဆောင်ကာ ကျပ်ငွေ (၅၀၀) ဖြင့် ပြုလုပ်နိုင်သည်ဟုသိရသည်။
ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလာလ်ပက်လောမ်မာ “ အရင်တုန်းကဆိုရင် မီဇိုရမ်ဘက်ကို ဘာဗီဇာမှမပါပဲ ဒီတိုင်းပဲသွားရတာလေ ခု Border Pass တွေလုပ်ပေးပြီဆိုတော့ စိတ်အေးချမ်းသွားတာပေါ့နော် တရားဝင်ဖြစ်သွားပြီဆိုတော့ ပြီးတော့ ဟိုဘက်ကမ်းက လူတွေလည်း ဒီဘက်ကိုဝင်လာတဲ့ အခါကျရင် တရားဝင်ဖြစ်သွားတာပေါ့လေ စိတ်ပူစရာမလိုတော့ဘူးပေါ့’’ ဟု ပြောသည်။
ယင်း Border Pass သည်တစ်နှစ်သက်တမ်းဖြစ်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း နှင့် အိန္ဒိယနိုင်ငံသားများအနေဖြင့် ဖလမ်းခရိုင်အတွင်း (၁၄) ရက်အကြာ လည်ပတ်နေထိုင်ခွင့်ရှိမည်ဖြစ်သည်။







