စက်လှေမောင်းသူအပါအဝင် ခရီးသည် ၉ဦးစီးနင်းလိုက်ပါလာပြီးမဲ့ပေါမှ မဲ့သဝေါကျေးရွာသို့ ဆန်တက်လာသည့် စက်လှေမှာ ကျေးရွာအလွန်မိနစ် ၁၀ခန့်အကြာတွင်စက်လှေ တိမ်းမှောက်မှုဖြစ်ပွား၍ ၄ဦးပျောက်ဆုံးပြီး ၅ဦးအသက်ရှင်လွတ်မြောက်ခဲ့သည်ဟု ကိုယ်တိုင်သတင်းသွားယူသည့် ထိုင်းရုပ်သံသတင်းထောက်တစ်ဦးဖြစ်သူ စောဖိုးခွားကပြောသည်။
၎င်းက“ရေစီးတအားသန်တယ်။ စက်လှေမောင်းတာလည်းကြမ်းတယ်။ ၀ဲကြီးတစ်နေရာမှာရောက်တော့ ရုတ်တရက်စက်သေသွား တယ်။ ရေက စက်လှေကိုစုပ်ယူတော့ စက်လှေထဲ ရေတွေဝင်ပြီးတိမ်းမှောက်သွားတာဖြစ်တယ်။ပျောက်ဆုံးတဲ့လူတွေကတော့ မိန်းမတွေချည်းပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပျောက်ဆုံးသူများအနက် အသက် ၃၁နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကိုစက်လှေတိမ်းမှောက်ရာ ကီလိုမီတာ ၁၀ခန့်အကွာတွင်ထိုင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က နောက်နေ့ အောက်တိုဘာ ၁၁ရက်နေ့ မွန်းလွဲပိုင်းတွင် ဆယ်ယူနိုင်ခဲ့ပြီး ကျန်၃ဦးကိုမူ ယခုထိပျောက်ဆုံးနေဆဲဖြစ်သည် ဟု စောဖိုးခွားကဆက်ပြောသည်။

၎င်းစက်လှေပေါ် စီးနင်းလိုက်ပါလာသူများသည်ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်၊ မဲ့ပေါကျေးရွာနေ ကရင်တိုင်းရင်းသားများဖြစ်ကြပြီး မဲ့တန့်မြို့ရုံး၌ ထိုင်းနိုင်ငံတောင်ပေါ်သားမှတ်ပုံတင်ကဒ် သွားရောက်ရိုက်ယူရန် စက်လှေဖြင့် တက်လာစဉ် ယခုလိုအဖြစ်ဆိုးဖြင့် ကြံုတွေ့နေရခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါ်လေကျေးရွာမှ လှိုင်းဘွဲမြို့နယ် သူးမွဲထအထိ စီးဆင်းနေသောသောင်ရင်းမြစ်ကိုထိုင်း-မြန်မာနယ်စပ် တစ်လျှောက်နေထိုင်ကြသောဒေသခံပြည်သူများအပြင် မယ်ဟောင်ဆောင်ခရိုင်ရှိမယ်လအူးနှင့် မယ်ရာမိုဒုက္ခသည်စခန်းမှ ခိုလှုံနေကြသော မြန်မာဒုက္ခသည်များလည်း သွားလာအသုံးပြုကြသည်။
ယခုလိုမိုးတွင်းကာလတွင် အလားတူစက်လှေတိမ်းမှောက်မှု မကြာခဏဖြစ်ပွား၍ ခရီးသည် သေဆုံး၊ ပျောက်ဆုံးမှုများလည်းရှိခဲ့ဖူးသည်။ပုံ Poe Kwa







