လူသူဝေးရာနေရာများဖြစ်နေ၍ ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားကို ထိန်းချုပ်ရန်ခက်ခဲဟု သစ်တောဝန်ကြီးပြော

လူသူဝေးရာနေရာများဖြစ်နေ၍ ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားကို ထိန်းချုပ်ရန်ခက်ခဲဟု သစ်တောဝန်ကြီးပြော
by -
အောင်မြတ်သူ
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်။ ဓာတ်ပုံ - သူရ
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်။ ဓာတ်ပုံ - သူရ

သစ်တောအနေဖြင့် လူသူဝေးရာနေရာများကို စီမံအုပ်ချုပ်ရသောကြောင့် ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားကို ထိန်းချုပ်ရန် ခက်ခဲကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း က ပြောကြားခဲ့သည်။

ယနေ့ သြဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သော သစ်တောဏ္ဍတွင် အဂတိလိုက်စားမှုပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လုပ်ငန်းသဘာဝအနေအထားအရ လူသူဝေးရာနေရာများကို စီမံအုပ်ချုပ်ရသူများဖြစ်တဲ့အတွက် ဝန်ထမ်းများ ရဲ့ ကိုယ်ကျင့်တရားနှင့် စာရိတ္တမဏ္ဍိုင် ယိုင်လဲမသွားအောင် ထိန်းချုပ်ဖို့ခက်ခဲခြင်း စတဲ့ အကန့်အသတ် အတားအဆီးများလည်းပဲ ရှိနေပါတယ်”ဟု ၄င်းက ပြောကြားသည်။

အချို့သစ်တော ဧရိယာများကို လုံခြုံရေး အကန့်အသတ်များကြောင့် မစိုးမိုးနိုင်ခြင်း၊ တရားမဝင်ဆောင်ရွက်သူ များက ၄င်းတို့ အကျိုးစီးပွားများ ထိခိုက်လာမှုကြောင့် ဝန်ထမ်းများကို ပြန်လည်ရန်မူခြင်းများ ရှိနေကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိချိန်တွင် သစ်များကို တရားမဝင်ခုတ်လှဲကာ တောတွင်းငုတ်ရင်းဒေသမှစပြီး ပြည်ပအထိ တင်ပို့ ခိုးထုတ်သောအနေအထားအထိ ကွင်းဆက်များကို ဖော်ထုတ်ရယူခြင်းကို ဒေသခံပြည်သူများက စောင့်ကြည့်သတင်းပို့ ခြင်းစနစ်ကို စတင်ကျင့်သုံးဆောင်ရွက်နေတယ်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

“ သတင်းပေးပို့တဲ့ ပြည်သူများကို တယ်လီဖုန်းများနဲ့ Sim Card များကို ဖြန့်ဝေပေးပြီးတော့ သစ်တောဝန်ထမ်း များထံ အချိန်နဲ့တပြေးညီ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် တောထဲမှာ ခုတ်လှဲခိုးထုတ်နေမှုများကိုအချိန်မီ ဖမ်းဆီးနိုင်ခဲ့တာ၊ ဒီလိုပါပဲ ။ စုပုံစုဆောင်းထားတဲ့ နေရာများ နောက်ဆုံး ရန်ကုန်ဆိပ်ကမ်းမှာပဲ ကွန်တိန်နာများနဲ့ ထည့်သွင်းပြီး တရားမဝင်သစ်များကို ဖမ်းဆီးနိုင်ခဲ့တယ်” ဟု ဝန်ကြီး ဦးအုန်းဝင်းက ဆက်ပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် ဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး၊ သစ်တောဏ္ဍနှင့် ဆက်စပ်လူမှုအဖွဲ့အစည်းများ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေသည် ၄၇၁၂၈၇၈၄ ဧကရှိကာ၊ သစ်တောဝန်ထမ်း ၅၃၃၆ ဦးက အဆိုပါ နေရာများကို စီမံအုပ်ချုပ်လျက်ရှိသည်။

 “ဝန်ထမ်းတစ်ဦးအနေနဲ့ ပျမ်းမျှ သစ်တောနယ်မြေများကို စီမံအုပ်ချုပ် နေရတာဖြင့် ၈၈၀၀ ကျော်ရှိနေပါတယ်။ လက်ရှိ အခြေအနေအရ သစ်တော ပမာဏနဲ့ ထိန်းသိမ်းရတဲ့ ဝန်ထမ်းအချိုး တစ်နည်းအားဖြင့် ဝန်နဲ့ အား မျှတရန် လိုအပ်ချက်ရှိနေပါတယ်” ဟု ဦးအုန်းဝင်းက ဆက်လက်ပြောကြားသည်။

FAO(Forest Resource Assessment-2015) ၏ ငါးနှစ်တစ်ကြိမ် ထုတ်ပြန်ကြေညာချက်များအရ မြန်မာနိုင်ငံ ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂.၉၂ ရာခိုင်နှုန်း ၊ ဧက ၇၂ သန်း ရှိသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...