“သတ်မှတ်ထားသော မဲပေးချိန်အတွင်း မဲဆန္ဒရှင်များ မဲပေးနိုင်ရေးနှင့် လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးတို့ကို ရှေးရှု၍ မဲရုံတစ်ရုံစီ၌ ဆန္ဒမဲပေး ဦးရေနှင့် မဲရုံအရေအတွက်ကို လိုအပ်သလို သတ်မှတ်ပေးနိုင်တယ်။ မဲရုံ ဆောက်လုပ်ရာတွင် မသန်စွမ်းသူများ အတားအဆီးကင်းမဲ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက် ထားရှိရမယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ပြည်သူ့လွှတ်တော်တွင် ဖြေကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီ၏ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသည့် ကျေးရွာအုပ်စုများ တွင် သတ်မှတ်ထားသော မဲဆန္ဒဦးရေ လျှော့ပေါ့ ဖြေလျှော့ပြီး မဲရုံများတိုးပေးရန် အစီအစဉ်ရှိမရှိကို ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၅ ရက်မြောက်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“မဲဆန္ဒရှင်များ တစ်ရွာမှ တစ်ရွာသို့ သွားလာရေး အဆင်ပြေချောမွေ့စေရန် ကျေးရွာအဖွဲ့အစည်းများက ယာဉ်၊ စက်လှေ၊ ထွေလာ(ထော်လာဂျီ)များ စီစဉ်ဆောင်ရွက်ပေးခြင်းသည် ရွေးကောက်ပွဲဥပဒေအရ ကင်းလွတ်ခွင့် ရှိမရှိ ကျေးလက်နေ မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် ပယ်မဲ မဖြစ်ဖို့အတွက် မည်သို့ စီမံဆောင်ရွက်ထားပါသလဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီ မေးမြန်းခဲ့သည်။
တစ်ရွာမှ တစ်ရွာသို့ ဆန္ဒမဲပေးရန် သွားရေးလာရေးအတွက် နိုင်ငံတော် အစီအစဉ်ဖြင့် မော်တော်ယာဉ်၊ ထွေလာ၊ စက်လှေ စီစဉ်ဆောင်ရွက်ပေးရန် လတ်တလောတွင် အစီအစဉ်မရှိဘူးဟု ဆိုသည်။ ထို့ပြင် နိုင်ငံရေးပါတီ၊ ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်းကိုယ်စားလှယ်လောင်းက မဲဆန္ဒရှင်များ သွားရေး လာရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျှင် သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈(က)အရ ငြိစွန်းပြီး မဲဆွယ်ခြင်းသဘော သက်ရောက်သဖြင့် ဆောင်ရွက်ခွင့်မရှိဘူးဟု ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ဝင်က ပြန်လည်ဖြေကြားခဲ့သည်။
“လက်ရှိအုပ်ချုပ်ရေး အဖွဲဲ့အစည်းများ အနေနဲ့လည်း မဲဆန္ဒရှင်များကို စီစဉ်ပေးရင် ဥပဒေအရ ကင်းလွတ်ခွင့်ရှိမရှိကို သိချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီက ထပ်ဆင့် မေးမြန်းခဲ့သည်။
အစိုးရအဖွဲ့အစည်းများ ဖြစ်သည့် နိုင်ငံတော်အုပ်ချုပ်ရေး အဖွဲ့အစည်းများက ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိ ဆောင်ရွက်ပေးလျှင် ဥပဒေနှင့်ညီညွတ်ခြင်း ရှိမရှိ ညှိနှိုင်းဆောင်ရွက်ထားခြင်း မရှိသည့်အတွက် ယခုအခါတွင် ဖြေဆိုပေးနိုင်ခြင်း မရှိဘူးဟု ပြည်သူ့ လွှတ်တော်တွင် ဖြေကြားသည်။
ပါတီတစ်ခုခု၊ သို့မဟုတ် ကိုယ်စားလှယ်လောင်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျှင် ရွေးကောက်ပွဲ ဥပဒေအရ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်၊ သို့မဟုတ် တစ်သိန်းထက် မပိုသော ဒဏ်ငွေ၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟု ပါရှိသည်ဟု ဆိုသည်။







