အင်အားစုအားလုံးတပြိုင်တည်းပေါင်းစည်းရေး အမြန်ဆောင်ရွက်သင့်ကြောင်း မွန်နှစ်ပါတီကို နိုင်ဟံသာတိုက်တွန်း

အင်အားစုအားလုံးတပြိုင်တည်းပေါင်းစည်းရေး အမြန်ဆောင်ရွက်သင့်ကြောင်း မွန်နှစ်ပါတီကို နိုင်ဟံသာတိုက်တွန်း
MNP-AMDP နှစ်ပါတီပေါင်းစည်းရေး ဆွေးနွေးခဲ့စဉ်(photo/Facebook)
MNP-AMDP နှစ်ပါတီပေါင်းစည်းရေး ဆွေးနွေးခဲ့စဉ်(photo/Facebook)

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ လက်ရှိနှစ်ပါတီပေါင်းစည်းရေး အပြီးသတ်ဆောင်ရွက်နေချိန်တွင် ကျန်ရှိသည့်အင်အားစုအားလုံး တပြိုင်တည်းပါဝင်ပေါင်းစည်းလာရေးအတွက် အချိန်မဆွဲဘဲ သက်ဆိုင်ရာပါတီခေါင်းဆောင်များ အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာက မွန်သတင်းအေဂျင်စီ အင်တာဗျူးတွင် တိုက်တွန်းပြောကြားလိုက်သည်။

“နှစ်ပါတီပေါင်းစည်းရေး ဦးဆောင်နေတဲ့ခေါင်းဆောင်တွေအနေနဲ့ ကျန်ရှိနေတဲ့အင်အားစုတွေ အထူးသဖြင့် မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့ကိုလည်း တခါတည်းပါဝင်ပေါင်းစည်းလာနိုင်အောင် သဘောထားကြီးကြီးနဲ့ အချိန်မဆွဲဘဲ အမြန်လက်တွဲဆွဲခေါ်ဖို့  ကျနော်တိုက်တွန်းလိုပါတယ်” ဟု နိုင်ဟံသာက ပြောသည်။

မကြာမီကျင်းပမည်ဆိုသည့် မွန်နှစ်ပါတီပေါင်းစည်းရေးအခမ်းအနားတွင် အဆိုပါ မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့ဝင်များ တပြိုင်တည်းပါဝင်ပေါင်းစည်းနေသည်ကို မိမိနှင့်အတူ မွန်ပြည်သစ်ပါတီ NMSP က မြင်တွေ့လိုကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

မွန်နှစ်ပါတီတွဲဘက်အတွင်းရေးမှူး(၁) နိုင်လယိတမက “ကျနော်တို့နှစ်ပါတီပေါင်းစည်းရေး ကိုယ်စားလှယ် ၅ ဦးတွေ့ဆုံဖို့ ၂၁ ဦးအဖွဲ့ကို အကြောင်းကြားထားပြီးပြီ၊ ဒီသြဂုတ် ၄ ရက်နေ့ သူတို့အစည်းအဝေးလုပ်ပြီးရင် တွေ့နိုင်မယ်လို့ ထင်ပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။  

မွန်နှစ်ပါတီမှ ဥက္ကဌနှင့် အတွင်းရေးမှူးများ ဇူလိုင် ၃၁ ရက်နေ့က အစည်းအဝေးတရပ်ကျင်းပခဲ့ရာတွင် မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့ တင်ပြလာသည့်အချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း ၄င်းတို့ကိုယ်စားလှယ် ၅ ဦးနှင့်တွေ့ဆုံရန် အကြောင်းကြားခဲ့သည်ဟု နိုင်လယိတမက ဆိုသည်။

သို့ရာတွင် မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့ ဒုခေါင်းဆောင် ဒေါက်တာအောင်နိုင်ဦးက မိမိအနေဖြင့် ၄င်းတို့၏အကြောင်းကြားချက်ကို လောလောဆယ်မကြားသိရသေးကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က မွန်နှစ်ပါတီနှင့်တွေ့ဆုံခဲ့ရာတွင် အားလုံးပေါင်းစည်းရေးအတွက် အချက်အလက်များတင်ပြခဲ့ပြီး တစ်လအတွင်း အကြောင်းပြန်ရန် ပြောဆိုခဲ့ကြောင်း၊ လာမည့်သြဂုတ်လ ၄ ရက်နေ့တွင် ၂၇ ဦးအကြံပေးကော်မတီနှင့် မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့အစည်းအဝေးကျင်းပသည့်အခါ ရှေ့လုပ်ငန်းစဉ်များ ဆုံးဖြတ်ချက်ချမှတ်လိမ့်ဖြစ်ကြောင်း ဆိုသည်။

ဒေါက်တာအောင်နိုင်ဦးက “ကျနော်တို့က အပြုသဘောဆန်တဲ့ပေါင်းစည်းညီညွတ်မှုရရှိရေး လုပ်ဆောင်ခဲ့တယ်၊ မွန်နိုင်ငံရေးညီလာခံက တက်လာတဲ့ပြည်သူလူထုအားလုံး ကိုယ်စားပြုပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်၊ မွန်လူမျိုးအတွက် အရေးပါအရာရောက်တဲ့ပေါင်းစည်းညီညွတ်ရေးကို ဦးထိပ်ထားပြီးတော့ ဆောင်ရွက်ခြင်း ဖြစ်တယ်၊ သို့သော် ဒီကိစ္စနဲ့ပတ်သက်ပြီး အချိန်မဆွဲဘဲနဲ့ ကျနော်တို့ကို ရေရာတိကျပြတ်သားတဲ့အဖြေတစ်ခု ပေးသင့်တယ်၊ အချိန်လည်း သိပ်မကျန်တော့ဘူး ဆိုတော့ အမျိုးသားရေးကိုကြည့်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကို အားလုံးပြတ်ပြတ်သားသား ဆောင်ရွက်ဖို့သင့်ပြီ” ဟု ပြောသည်။  

လက်ရှိတွင် မွန်နှစ်ပါတီအပြီးသတ်ပေါင်းစည်းပြီးမှသာ မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့ပါဝင်လာရန် လက်ရှိမွန်နှစ်ပါတီခေါင်းဆောင်များ ဆုံးဖြတ်ထားပြီး တဖက်တွင်လည်း လာမည့်သြဂုတ်လ ၆ ရက်နေ့ နောက်ဆုံးထား၍ ၄င်းနှစ်ပါတီထံမှ တိကျပြတ်သားသည့်အဖြေမရရှိပါက မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီအမည်မှတ်ပုံတင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည့်အတွက် မွန်နှစ်ပါတီပေါင်းစည်းပြီးဆိုသော်လည်း နောက်ထပ်မွန် ၂ ပါတီအပြိုင်ဖြစ်လာမည့်အရေး ရင်လေးစရာပင်ဖြစ်ကြောင်း  မွန်အရေးလေ့လာသူများက သုံးသပ်ကြသည်။

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...