ရဝမ်ကုန်း စစ်ရှောင်မိသားစုတွေ ၁နှစ်ထိ ဒုက္ခသည် အကူအညီ မရသေး

ရဝမ်ကုန်း စစ်ရှောင်မိသားစုတွေ ၁နှစ်ထိ ဒုက္ခသည် အကူအညီ မရသေး

တနိုင်းမြို့နယ် တိန်းကောက်ကျေးရွာ အနီး တိုက်ပွဲအတွင်း မြန်မာအစိုးရ စစ်သားတွေရဲ့ မေးမြန်း နှိပ်စက်မှုတွေ နဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ခံရပြီး မြစ်ကြီးနားဘက်ကို ထွက်ပြေးလာတဲ့ ရဝမ်ကုန်း ရွာသားတွေ အခု ၁နှစ် ရောက်လာချိန်ထိ အကူအညီ မရသေးကြောင်း ဆိုပါတယ်။

၎င်းတို့ဟာ မြစ်ကြီးနားမြို့ပြင် နန်းကွေ့ကျေးရွာအုပ်စု ကဘူဒမ်းရွာ ခရစ်တော်၏အသင်းတော် COC ဘုရားကျောင်း စခန်းမှာ ခိုလှုံနေပေမယ့် အစိုးရဘက်က တရားဝင် စစ်ရှောင်အဖြစ် မသတ်မှတ် သေးတာကြောင့် အကူအညီမဲ့ မိုးကာတဲမှာပဲ နေထိုင်နေရခြင်း ဖြစ်တယ်။

လီဒိုလမ်းမပေါ် တိန်းကောက်ကျေးရွာ ရဝမ်ကုန်းမှ မိသားစု (၁၄)ခုမှ စုစုပေါင်း လူဦးရေ (၃၈)ယောက်ဟာ ၂၀၁၇ ဇူလိုင် (၁၃)ရက်နေ့ ထွက်ပြေးလာခဲ့ချိန် သက်ဆိုင်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရဝမ်ရေးရာ ဝန်ကြီး နဲ့ နယ်လုံ ဝန်ကြီး တို့ကို စာရေး အကြောင်းကြားခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေ ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

ဒါပေမယ့်လဲ အခု ၁ နှစ် ပြည့်ချိန် အထိ UNHCR ထောက်ပံ့ပေးထားတဲ့ ဆွေးမြေ့နေပြီဖြစ်တဲ့ မိုးကာတဲမှာ အသက်ဆက်နေရလို့ ကလေး လူကြီး ဖျားနာမှုတွေကို ခံစားနေရတယ်လို့ စစ်ရှောင် ဒေါ် Seng Mai က ပြောပါတယ်။

“တဲမှာအရမ်းခက်ခဲတယ်။ မိုးရွာရင် ရေဝင်တယ်။ ပြီးရင် အနှံ့က ပြန်ထွက်လာတော့ နေလို့ အိပ်လို့ မရဘူး။ နေ့ခင်းမှာ နေပူရင်၊ မိုးရွာရင် နေလို့မရဘူး။ ပူရင် အရမ်းပူတယ်။ ကလေးတွေဆို အဖုလေးတွေထွက်ပြီး အနာစိမ်း လို ဖြစ်သွားတယ်။ ကလေး တော်တော်များများ ဖျားတယ်။ တချို့က ဝမ်းလျှောတယ်။ တစ်ခါတလေ ကလေးတင်မက လူကြီးပါဖျားတယ်။”

အခု စခန်းမှာရှိနေတဲ့ စစ်ရှောင်တွေဟာ ၂၀၁၇ ဇူလိုင်လ (၉)ရက်နေ့မနက်ပိုင်း ၎င်းတို့ကျေးရွာ အနီး တပ်မတော်နဲ့ KIA တိုက်ပွဲအပြီး တပ်မတော်သားတွေရဲ့ ဖမ်းဆီး နှိပ်စက် ရိုက်နက်ကာ ခြိမ်းခြောက်ခံခဲ့ရတဲ့ အတွက် ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။

သူတို့နေတဲ့ ရဝမ်ကုန်းမှာ နောက်ထပ် တိုက်ပွဲဖြစ်ပွားရင် “တစ်ရွာလုံးကို သတ်ပစ်မယ်” လို့ အဲဒီ တပ်မတော် စစ်ကြောင်းမှူးက ခြိမ်းခြောက်ခဲ့တဲ့အတွက် ဒီကနေ့အထိ ရွာ မပြန်ရဲဘဲ မိုးကာတဲမှာ ရှိနေရတာပါ။

မြန်မာစစ်သားတွေရဲ့ လူမဆန် နှိပ်စက်မှုခံခဲ့ရတဲ့အတွက် တချို့ဆို အခုထိ အတွင်းကြေဒဏ်ရာတွေ ခံစားနေရပါတယ်။

လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံရပြီး ထွက်ပြေးလာသူတွေကို အစိုးရက တရားဝင် စစ်ရှောင်တွေအဖြစ် မသတ်မှတ်ပေးတာကြောင့် အကူညီထိရောက်စွာ မရဘူးလို့ စခန်းတာဝန်ခံ ဆရာ ဆန်နိုင်ဖီက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း အစိုးရအနေနဲ့ COC ဘုရားကျောင်း စစ်ရှောင်စခန်းမှာ လိုအပ်တဲ့ မိုးကာနဲ့ တခြားလိုအပ်တဲ့အရာတွေကို အတတ်နိုင်ဆုံး ကူညီပေးရန် သူမျှော်လင့်နေကြောင်း ပြောပါတယ်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...