ချင်းလူမျိုးများ စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲ ကလေးမြို့တွင်ကျင်းပ

ချင်းလူမျိုးများ စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲ ကလေးမြို့တွင်ကျင်းပ

ချင်းလူမျိူးများ စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲ (Chin Unity Forum) ကို ကလေးမြို့ တာဟန်းရပ်ကွက် မက်သဒစ် လူငယ်ခန်းမတွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်နေ့) နံနက်ပိုင်း ၉ နာရီမှ ညနေပိုင်း ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပြီး ကလေးမြို့နယ်အတွင်းရှိ ချင်း မျိူးနွယ်စုအဖွဲ့အစည်းအသီးသီးမှ လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ယင်းနှီးနှောဖလှယ်ပွဲသည် ကလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ချင်းမျိူးနွယ်စုအသီးသီးအကြား စည်းလုံညီညွတ်မှု ပိုမိုရရှိလာစေရေးအတွက် အဓိကရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု Chin Unity Forum ဖြစ်မြောက်ရေး ကော်မတီမှ အတွင်းရေးမှူး Rochulloa ကပြောသည်။

“ ကျနော်တို့ ချင်းမျိူးနွယ်စုတွေ ဒီထက်မက ပိုပြီး စည်းလုံးနိုင်ဖို့ လာမည့်မျိူးဆက်သစ်လူငယ်တွေအတွက် ကောင်းမွန်တဲ့ သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ဖို့ အဓိကရည်ရွယ်တာဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါစည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲတွင် ဧည့်သည်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်မှ Zoram Nationalist Party (ZNP) ဥက္ကဌလည်းဖြစ် ပါတီ ၇ ခုဖြင့်စုဖွဲ့ထားသော Zoram People Movement (ZPM) ၏ ဝန်ကြီးချူပ်လောင်းအဖြစ် လျာထားခံရသူ Pu Lalduhawma ပါဝင်တက်ရောက်ပြီး ပေါင်းစည်းရေးဆိုင်ရာ စာတမ်းဖတ်ကြားခဲ့သည်။

“ တိုင်းပြည်တစ်ပြည်၊ လူမျိူးတစ်မျိူးတိုးတက်ရေးအတွက် အဓိကအရေးကြီးဆုံးအချက်မှာ တိုင်းသူပြည်သူများရဲ့ စည်းလုံးညီညွတ်မှုဖြစ်ပါတယ်၊ ကျနော်တို့မျိူးနွယ်စုတွေဟာ လူမျိူးတစ်မျိူးတည်းဖြစ်ပါတယ်၊ မီဇိုရမ်မှာနေရင် မီဇိုး၊ မဏိပူမှာနေရင် ကူးကီး ဒါမှမဟုတ် ဇိုမီး၊ မြန်မာနိုင်ငံမှာနေရင် ချင်းလို့ခံယူဖို့လိုပါတယ်၊ ကျနော်တို့မျိူးနွယ်စုအားလုံးကို လွှမ်းခြုံနိုင်တဲ့ ဘုံနာမည် မပေါ်ထွက်လာသေးသရွေ့ ကျနော်တို့နေထိုင်တဲ့ နိုင်ငံမှာ အစိုးရက အသိအမှတ်ပြုတဲ့အမည်နာမကို ခံယူတာအကောင်းဆုံးဖြတ်တယ်လို့ယူဆပါတယ်’’ ဟု Pu Lalduhawma ကပြောသည်။

လာမည့်နိုဝင်ဘာလ၌ မီဇိုရမ်ပြည်နယ်တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက အန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးပိုမိုမြင့်တင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ချင်း(ဇို) မျိူးနွယ်စုများအကြား စည်းလုံးညီညွတ် ရေးပိုင်းကို ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသား(အထူးသဖြင့်ချင်းလူမျိူးများ) အား မီဇိုးလူငယ်အဖွွဲ့နှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများက မောင်းထုတ်ခဲ့သည့်အပေါ် မီဇိုးလူထုကိုယ်စား အနူးအညွတ်တောင်းပန်ကြောင်း၊ အတိတ်မှဖြစ်ရပ်များကို အတိတ်မှာသာထားခဲ့ပြီး စည်းလုံးညီညွတ်စွာအတူတကွ နေထိုင်သွားကြရန်လည်းပြောဆိုခဲ့သည်။

ယမန်နေ့ ကျင်းပပြုလုပ်သော ဖိုရမ်နှင့်ပတ်သက်၍ စာတမ်းဖတ်ကြားသူတစ်ဦးဖြစ်သည့် ချင်းမျိူးနွယ်စုဖွံ့ဖြိုးရေးအသင်းမှ အတွင်းရေးမှူး ဦး Daniel ကတော့ ချင်းမျိူးနွယ်စု များစည်းညီညွတ်ရေးအတွက် မျိူးနွယ်စုတစ်ခုနှင့်တစ်ခု တန်ဖိုးထား လေးစားမှုရှိရန်လိုအပ်ကြောင်းပြောဆိုသည်။

“ ကျနော်တို့ ချင်းမျိူးနွယ်စုများအားလုံး အမှန်တကယ် စည်းလုံးမယ် ပေါင်းစည်းမယ်ဆိုလို့ရှိရင်တော့ မျိူးနွယ်စုအလိုက်ကို တန်ဖိုးထားပြီးတော့ မျိူးနွယ်စုအားလုံးကို မချန်ထားဘဲနဲ့ အခြေခံကနေစတင်ပြီးတော့ ဖွံ့ဖြိုးရေးအပိုင်းများကို အေးအတူပူအမျှအကောင်အထည်ဖော်ရမှာဖြစ်ပါတယ်’’ ဟု ဦး Daniel ကပြောသည်။

ချင်းလူမျိူးများစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် ကလေးမြို့နယ်အတွင်းအခြေစိုက်ကြသည့် ချင်းမျိူးနွယ်စုအဖွဲ့ အစည်းပေါင်း ၁၀ ခုကျော်တက်ရောက်လာကြပြီး ပေါင်းစည်းညီညွတ်ရေးနှင့်ပတ်သက်သော အမြင်များကို ပြောကြားခဲ့ကြ သည်။

ယမန်နေ့ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှ ဦးဂင်ခန့်ဂိုက “ချင်းပြည်နယ်မှာပေါက်ဖွားတဲ့ ချင်းမျိူးနွယ်စုတွေက ကိုယ့်အခေါ်အဝေါ်နဲ့နေကြတယ် တောင်ပိုင်းမှာဆိုရင် ခူမီး၊ အလယ်ပိုင်းမှာဆိုရင် လိုင်ပီး၊ မြောက်ပိုင်းမှာဆိုရင် ဇိုမီး ပေါ့နော် ကိုယ်မျိူးနွယ်စုနဲ့ကိုယ်နေကြပြီးတော့ မတည့်တာလဲ မရှိဘူး ဒီလိုနေကြတဲ့နေရာမှာ ဘုံစကားတစ်ခုရှိဖို့တော့လိုတယ်၊ ချင်းအနွယ်ဖွားတွေအားလုံး Unity ပေါင်းစည်းနိုင်ဖို့ ပေါ့နော် ဒါကြောင့် ကျနော်တို့လည်း စိတ်ဝင်စားလို့တက်ရောက်ခြင်းဖြစ်တယ်၊ Unity ရှိမှ ကျနော်တို့တိုးတက်မှုရှိမှာပေါ့နော် ချင်းမျိူးနွယ်စုအားလုံးအတွက် Unity ဆိုတဲ့ခေါင်းစဉ်ဟာအရေးကြီးတယ် အဓိကလုပ်ရမယ့်လုပ်ငန်းစဉ်လည်းဖြစ်တယ်” ဟု ပြောသည်။

Chin Unity Forum ကို အဖွဲ့အစည်းတစ်ခုအနေဖြင့် အတည်တကျဖွဲ့စည်းရန် ဆွေးနွေးပွဲတက်ရောက်လာသူများမှ သဘောတူခဲ့ကြပြီး ယခုလောလောဆယ်တွင် ဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ နောက်ပိုင်းတွင်ဆက်လက်ဦးဆောင်ပြီး မျိူးနွယ်အလိုက်ဖြင့်စနစ်တကျဖွဲ့စည်းသွားမည်ဟု သိရသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...